မုံရွာ၊ မတ် ၂၅
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် အရာရှိတစ်ဦးနဲ့ တပ်ကြပ်ကြီးစာရေးတွေအပါအဝင် ရှစ်ဦး သေဆုံးခဲ့တယ်လို့ Brave Warroir For Myanmar-BWM က မတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာန ချုပ် (နမခ) အတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံးနဲ့ Mi 17 ရဟတ်ယာဉ် ရပ်နားကွင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးသုံးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် နမခ ဌာနချုပ်ရဲ့ အုပ်ချုပ်မှုရုံးနဲ့ ရဟတ်ယာဉ်ရပ်နား ဂိုဒေါင်မီးလောင်ခဲ့ပြီး အရာရှိတစ်ဦးနဲ့တပ်ကြပ်ကြီး စာရေးတွေအပါအဝင် အခြားအဆင့်စစ်သည် ရှစ်ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် အမှတ် ၈၁ ဆက်သွယ်ရေးအလုပ်ရုံအတွင်းရှိ ကြီးကြပ်ကန့်သတ်ပစ္စည်းတွေလည်း မီး လောင်ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။
ပုံမှန်ရက်တွေမှာ နမခအတွင်းက MI 17 စစ်ရဟတ်ယာဉ် နှစ်စင်း ပုံမှန်အတက်အဆင်း ပြုလုပ်နေကျဖြစ်ပြီး မနေ့ကရဟတ်ယာဉ် တစ်စင်းသာ အတက်အဆင်းလုပ်တာကို တွေ့မြင်နေရတာကြောင့် ရဟတ်ယာဉ်တစ်စင်းလည်း ထိခိုက်မှုရှိနိုင်တယ်လို့ ခန့်မှန်းထာပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲရဲ့ ဦးဆောင်မှုနဲ့ Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) နဲ့ Democratic Rangers အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် အရာရှိ နှစ်ဦးနဲ့ စစ်သည် ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – BWM