လှိုင်းဘွဲ၊ မတ် ၂၆
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထိုင်း-မြန်မာနယ်စပ်နားက ခလယ့်ဒေးစခန်း မကျရေးအတွက် စစ်ကောင်စီတပ်က မတ်လ ၂၅ ရက်နေ့မှာ လေကြောင်းနဲ့ အပြင်းအထန်ခုခံ ပစ်ခတ်နေတယ်လို့ နယ် စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU တပ်မဟာ ၇ လှိုင်းဘွဲမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးစခန်းကို မတ်လ ၂၃ ရက်နေ့ကစတင်ပြီး KNLA KNDO ပူးပေါင်းအဖွဲ့က စတင်ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။
မတ်လ ၂၅ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်က ခလယ့်ဒေးစခန်းကို ဒရုန်းဗုံးကြဲချပြီး တိုက်ခိုက်နေသလို မြေပြင်ကနေလည်း ဝိုင်းရံပိတ်ဆို့ထားပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီတပ်ဘက်က စခန်းမကျေရးအတွက် တိုက်လေယာဉ်တွေနဲ့ ခလယ့်ဒေးစခန်းနား တဝိုက်ကို ဗုံးကြဲပစ်ခတ်နေပြီး နယ်စပ်တလျှောက်ကို ထိုင်းစစ်တပ်က လုံခြုံရေးတိုးချထားပြီး စောင့်ကြည့်နေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ခလယ့်ဒေးတိုက်ပွဲကြောင့် ဒေသခံပြည်သူ ၁၀၀ ကျော် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ထိုင်းအာဏာပိုင်က လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်စောင့်ရှောက်ကူညီထားပေးတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးတပ်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်အနီးဝန်းကျင်မှာ တည်ရှိသလို က ရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ်နဲ့လည်း နီးကပ်စွာ တပ်စွဲအခြေချထားတာဖြစ်ပြီး အဲဒီစခန်းဆီကို စစ်ကောင်စီတပ်က မြေပြင်ကနေ စစ်ကူပေးဖို့ မလွယ်ကူနိုင်ဘူးလို့ ဒေသတွင်းသ တင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က KNU တပ်မဟာ ၇ နယ်မြေ လှိုင်းဘွဲမြို့နယ် ထိုင်း-မြန်မာနယ်စပ်နားက စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၁၂၄၈ ပူလူးတူခြေကုပ်စခန်းကို KNLA KNDO ပူးပေါင်းတပ်ဖွဲ့က အပြီး သတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားတာတွေလည်း ရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU