တနင်္သာရီ၊ မတ် ၂၆

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာအနီးက ဆီအုန်းခြံ လေယာဉ်နဲ့ဗုံးကြဲတိုက် ခိုက်ခံရတာကြောင့် လုပ်သားနှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ချောင်းလမုကျေးရွာဝန်းကျင်ကို လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ရာကနေ ကျော်မော်-၁၉ ဆီအုန်းကုမ္ပဏီရဲ့ အ လုပ်သမားတန်းလျားအနား ကျရောက်ပေါက်ကွဲခဲ့တာပါ။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီအုန်းခြံလုပ်သား အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသား သုံးဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်မယ်ဆိုတဲ့ ယူဆချက်နဲ့ လုပ်ဆောင်သွားတာ ဖြစ်တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဗုံးကြဲမှုကြောင့် အလုပ်သမားတန်းလျား ပြိုကျပျက်စီးသွားတဲ့အတွက် ဆီအုန်းခြံလုပ်သား ၅၀ ဝန်းကျင်ဟာ နေရာရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် သမီးလှကျေးရွာမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ခုနှစ်လုံး ပျက်စီးခဲ့ပါတယ်။

တနင်္သာရီမြို့နယ်ထဲက သိန်းခွန်၊ ချောင်းလမု၊ ချောင်းနှစ်ပေါက်ကျေးရွာတို့မှာ မတ်လ ၁၃ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး တစ်ပတ်အတွင်း စစ်ကောင်စီဘက်က လေ ကြောင်းတိုက်ခိုက်မှု ခုနှစ်ကြိမ်ထက်မနည်း ပြုလုပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.