မော်လမြိုင်၊ မတ် ၂၅

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော်ဝေဖန်မှုကြောင့် စစ်တပ်ထောက်ခံသူလို့ လူသိများတဲ့ ငါးမင်းဆွေ ခေါ် ဦးမင်းဆွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ငါးမင်းဆွေကို ဒီကနေ့ မတ်လ ၂၅ ရက်နေ့မှာ အင်းစိန်ထောင်တွင်း လှိုင်တရားရုံးကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ငါးမင်းဆွေဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သူရဲ့လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ facebook နဲ့TikTok အကောင့်ကနေ ဝေဖန်မှုတွေပြုလုပ်လို့ဆိုပြီး လှိုင်မြို့နယ်ရဲစခန်းကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့အမှုဖွင့်ထားခဲ့ပါတယ်။

လှိုင်မြို့နယ်ရဲစခန်းက အမှုဖွင့်ထားလို့ အမှုနဲ့အလိုရှိနေတဲ့ ငါးမင်းဆွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၉ ရက်နေ့မှာ ကျိုက်ထိုမြို့မရဲစခန်းက သူနေထိုင်ရာ ကျိုက်ထိုမြို့ နေအိမ်ကနေ ငါးမင်းဆွေကို လာရောက်ဖမ်းဆီးသွားတာပါ။

အဲဒီနောက် လှိုင်မြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး အင်းစိန်ထောင်မှာ သူကိုချုပ်နှောင်ထားခဲ့ပြီး ထောင်တွင်းတရားရုံးမှာပဲ အမှုရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.