ဖာပွန် ၊ မတ် ၂၃
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ နေ့စဉ်လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU တပ်မဟာ ၅ က သိမ်းပိုက်ထားတဲ့ ဖာပွန်မြို့ကို ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဖာပွန်မြို့နယ် ကျွန်းပင်ကျေးရွာထဲမှာလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။
ဖာပွန်ခရိုင် စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ တို့ကြား နှစ်ဖက်တိုက်ပွဲမရှိလည်း စစ်ကောင်စီတပ်ဘက်ကတော့ လေယာဉ်နဲ့ လာရောက်ဗုံးကြဲပစ်ခတ်တာတွေကို အမြဲတမ်းလုပ်ဆောင်နေပြီး ဒီလိုလာရောက်ဗုံးကြဲတိုက်ခိုက်တာဟာ သူတို့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကို စစ်ကူပစ်ကူလုပ်ဆောင်ပေးခြင်းဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက သုံးသပ်ပါတယ်။
ဖာပွန်စစ်ဗျူဟာနဲ့ ကတိုင်တိရွာက BGF တပ်စခန်းဟောင်းမှာ ဆက်လက်ခုခံတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ကို KNLA တပ်မဟာ ၅ နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က ဆက်လက်ဝိုင်းရံပိတ်ဆို့ ထားဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်ပိုင်းက ကမမောင်းကနေ ကတိုင်တိဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရလို့ ကမမောင်းမြို့ထဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းက ကမမောင်းမြို့ စစ်ဗျူဟာကို KNLA တပ်မဟာ ၅ တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကို ဆက်တိုက်အသုံးပြုတိုက်ခိုက်နေတဲ့အတွက် ကမမောင်းမြို့အနီးကျေးရွာတွေက ဒေသခံပြည်သူ ၁၀၀၀ နီးပါး စစ်ဘေးရှောင်နေခဲ့ရပါတယ်။
ကမမောင်းစစ်ဗျူဟာ တိုက်ခိုက်သိမ်းပိုက်မခံရဖို့အတွက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက် နက်ကြီးပစ်ကူတွေကို အသုံးပြုပစ်ခတ်နေသလို မြိုင်ကြီးငူ-မဲသဝေါလမ်းပိုင်းက တပ်ကိုလည်း ထုတ်နှုတ်ယူပြီး ကမမောင်းကို စစ်ကူပို့လွှတ်ကာ ခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။
ကရင်ပြည်သူများဆိုင်ရာ ကော်မတီ-CIDKP ရဲ့ အချက်အလက်တွေအရ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ ၇၀၀၀၀ နီးပါး ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU