အင်းတော်၊ မတ် ၂၂

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်သို့ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ချေမှုန်းခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ မတ် ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကသာမြို့ကနေ စစ်ကူထွက်တဲ့ အင်အား ၁၅၀ ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၁၅ ရက်နေ့က ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ချေမှုန်းခဲ့တာ ဖြစ်ပါတယ်။

စစ်ကူစစ်ကြောင်း တိုက်ခိုက်ချေမှုန်းခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၃၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက် ၅၄ လက်အပါအဝင် ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

စစ်ကူစစ်ကြောင်း တိုက်ခိုက်ချေမှုန်းခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံ တစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.