ရေး၊ မတ် ၂၂
မွန်ပြည်နယ် ရေးမြို့နယ် ကွမ်ကျိုက်ကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကုန်းကို လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ YGF က မတ် ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီစခန်းကုန်းကို ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ခြောက်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး တပ်ကြပ် ကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ YGF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း ၂ ၊ရေးပြောက်ကျားတပ် YGF နဲ့ မဟာမိတ်တွေဖြစ်တဲ့ ရာမညစစ်ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်ကလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတချို့ကို ဒရုန်းနဲ့ကင်းထောက်ပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် နှစ်ဖက်စစ်ရေး တင်းမာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – YGF