တနင်္သာရီ၊ မတ် ၂၂

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပကဖ ထံကနေ သိရပါတယ်။

မနေ့ မတ်လ ၂၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ ချောင်းလမုကျေးရွာထဲကို လက်နက်ကြီး သုံးလုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာထဲမှာ ရိက္ခာလာပြန်ယူတဲ့ စစ်ဘေးရှောင်ပြည်သူတွေဖြစ်တဲ့ ကိုသောင်းပုနဲ့ မမီးမဲ့တို့ ထိမှန်သေဆုံးခဲ့ပြီး အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိလည်း လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ပိုမိုလုပ် ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သိန်းခွန်ကျေးရွာအုပ်စုထဲက သိန်းခွန်၊ ချောင်းလမုကျေးရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာ လချီရှိလာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာ အခက်အခဲတွေရှိလာလို့ တိုက်ပွဲဖြစ်နေတဲ့ကြားကနေ ရိက္ခာရရှိရေး အရဲစွန့်ပြီး နေအိမ်ပြန်ယူတာ၊ တောတွင်းသွားလာ ရှာဖွေတာတွေ ပြုလုပ်နေကြရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ကစလို့ ထုံမခါ၊ ရေဖြူ၊ သိန်းခွန်၊ ချောင်းနှစ်ပေါက်ရွာအနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော်ဟာ စစ်ဘေးရှောင်နေရတာ ၃ လကျော်အထိရှိလာပြီလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.