ဆိုးလ်၊ မတ် ၂၂
ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဟာ အားလုံးရဲ့ တာဝန်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်တို့ မတ် ၂၂ ရက်မှာ သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပြီးနောက် ပြောကြားလိုက်ပါတယ်။
ရာဇဝင်အရရော နယ်နိမိတ်ဆိုင်ရာအရပါ အငြင်းပွားမှုတွေ ရှိနေတဲ့ အဲဒီ အိမ်နီးချင်း သုံးနိုင်ငံကြား မေလက ရှားရှားပါးပါး ဆွေးနွေးမှု အတွင်း ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား လက်နက် ဖြုတ်သိမ်းဖို့ သဘောတူညီခဲ့ကြတာပါ။

ဒါပေမဲ့ မြောက်ကိုရီးယားက ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှား အတွက် စစ်သားတွေ ပို့ဆောင်ပေးနေပြီး လက်နက်အသစ်တွေ စမ်းသပ်နေချိန်၊ အမေရိကန်က နိုင်ငံအများအပေါ် အခွန် တိုးမြှင့် ကောက်ခံနေချိန်မှာ အခုလို သဘောတူညီမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းရေးဟာ သုံးနိုင်ငံစလုံးရဲ့ တူညီတဲ့ အကျိုးစီးပွားနဲ့တာဝန် ဖြစ်တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုတေးယူလ်က မတ် ၂၂ ရက်မှာ ပြောကြားထားပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားကြား တရားမဝင် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်း တားဆီးရမယ်လို့လည်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားဟာ မြောက်ကိုရီးယားကို အပြင်းအထန် ဆန့်ကျင်နေတဲ့ နိုင်ငံတွေ ဖြစ်ပြီး တရုတ်ဟာ ကင်ဂျုံအန်အစိုးရရဲ့ အဓိက ထောက်ခံအားပေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး တာကီရှိ အီဝါယာက သုံးနိုင်ငံ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပြီး အနာဂတ်မှာ နောက်ထပ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
နိုင်ငံတကာ အခြေအနေဟာ ပြင်းထန်သထက် ပြင်းထန်လာနေပြီး မိမိတို့ဟာ အပြောင်းအလဲ ကာလအလှည့်အပြောင်း အချိန်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားတာပါ။
ဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့တာ နှစ် ၈၀ ပြည့်မြောက်တဲ့ အခုနှစ်မှာ မိမိတို့ အနေနဲ့ သမိုင်းကို သင်ခန်းစာယူပြီး ပိုကောင်းတဲ့ အနာဂတ်ကို တည်ဆောက်ရမှာ ဖြစ်ကြောင်း ဝန်ကြီး အီဝါယာက ပြောကြားထားတာ ဖြစ်ပါတယ်။
Ref:AFP