မော်လမြိုင် ၊ မတ် ၂၂

နိုင်ငံရေးတရားဝင်မှုရဖို့ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို တော် လှန်ရေးအင်အားစုတွေဘက်က ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တိုက်ဖျက်သင့်တယ်လို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲပြန်လည်ကျင်း ပပေးမယ်လို့ အမြဲတစေထုတ်ပြောခဲ့ပြီး တော်လှန်ရေးအင်အားစုတွေကလည်း ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ကြွေးကြော်ထားကြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေဟာ ရွေးကောက်ပွဲ မဖြစ်ရေး စစ်ရေး၊နိုင်ငံရေး၊သံတမန်ရေးတွေနဲ့ တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က ရွေးကောက်ပွဲမဖြစ်စေဖို့ တိုက်ဖျက်ရာမှာ ပြည်သူတွေ မထိခိုက်ဖို့ လိုတာကြောင့် စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ မကျင်းပနိုင်အောင် တော်လှန်ရေးအဖွဲ့တွေ အ လေးနက်ထားသင့်တယ်လို့ ပြောပါတယ်။

“အဲဒီမှာ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေက ရွေးကောက်ပွဲ မဖြစ်စေရေးဆိုရင်လည်း ပြည်သူတွေ မဲပေးတဲ့အချိန်မှာ လုပ်ပြန်ရင်လည်း အထိခိုက်ရှိမယ်။ ဒါပေမယ့် ရွေးကောက်ပွဲကို (ပြည်သူတွေ) မဲမပေးဖို့ကလည်း အွန်လိုင်းစနစ်လုပ်မှာလား ဘယ်လိုလုပ်မှာလဲဆိုတာလည်း မသိရဘူးပေါ့။ အဲဒီတော့ စိုးမိုးပြီးသားနယ်‌မြေတွေမှာ ကိုယ်တွေခြေကုပ်ယူထားတဲ့ နယ်‌မြေတွေထဲမှာပဲ လုံးဝ ရွေးကောက်ပွဲမဖြစ်ဖို့ကိုပဲ အာရုံထားသင့်တယ်။ သူတို့ (စကစ) ထိန်းချုပ်ထားတဲ့ နယ်‌မြေတွေမှာ သွားပြီး လုပ်မယ်ဆိုရင်တော့ ပြည်သူတွေသာ အထိအခိုက်ဖြစ်နိုင်တာမို့လို့ အဲဒါတော့ အလေးနက်ထားပြီး စဉ်းစားလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်လို့ပဲ မြင်ပါတယ် ခင်ဗျ” လို့ ဆိုပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအရ အာဏာသိမ်းမှုအတွင်း တိုင်းစစ်ဌာ နချုပ်နှစ်ခုအပါအဝင် နိုင်ငံတဝန်းရှိ မြို့ပေါင်း ၉၅ မြို့ ကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတာပါ။

စစ်ကောင်စီ ဥက္ကဌအနေနဲ့ ဘယ်လာရုစ်ခရီးစဉ်အတွင်း ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာ ဒါမှမ ဟုတ် ၂၀၂၆ ဇန်နဝါရီ အစောပိုင်းမှာ ကျင်းပသွားဖို့ စီစဉ်ထားတာဟာ ကမ္ဘာသိချပြခဲ့တာလို့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုပါတယ်။

ဒါကြောင့် ပါတီကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးနိုင်ရေးနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် နယ်မြေတည်ငြိမ်ရေးဟာ အရေးကြီးတာမို့ လုံခြုံရေးတိုးမြှင့်သွားဖို့ မတ် ၂၀ ရက်နေ့မှာ ကလောတပ်နယ်က တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှုအတွင်း ပြောကြားထားတာပါ။

ဒီအတွက် တပ်မတော်သားတွေအနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်တွေ၊ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ပြည်သူ့လုံခြုံရေးနဲ့ အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းဖို့ ညွန်ကြားခဲ့ပါတယ်။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျက တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ အချိန်ကာလတစ်ခုအတွင်း မြို့ ကြီးတွေကို တိုက်ခိုက်နိုင်တဲ့အဆင့်အထိ ဖိအားပေးရမယ်လို့ ပြောပါတယ်။

“အဲဒီတော့ ကျွန်တော်တို့ ဒီဘက်အနေနဲ့ လုပ်နိုင်တဲ့အရာတစ်ခုအနေနဲ့ကတော့ ရွေးကောက်ပွဲလုပ်ဖို့ ကျန်တဲ့အချိန်ကာလတစ်ခုအတွင်းမှာ အဓိက မြို့ကြီးတွေပေါ့။ရန်ကုန် မန္တလေး နေပြည်တော်တို့လို အဓိက မြို့ကြီးတွေကို ဖိအားပေးပြီး တိုက်ခိုက်ထိန်းချုပ်နိုင်တဲ့အဆင့်အထိ မဟုတ်ရင်တောင်မှ ဒီမြို့တွေကို တိုက်ခိုက်နိုင်တဲ့အဆင့်အထိ လုပ်နိုင်မယ်ဆိုရင် ရွေးကောက်ပွဲဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ မြင်ပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အနောက်နိုင်ငံတွေက ကန့်ကွက်နေပေမယ့် တရုတ်၊ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက အသိအမှတ်ပြု အားပေးထောက်ခံနေသလို လိုအပ်တဲ့အကူအညီတွေလည်း ပေးဖို့ ရှိနေတာပါ။

တစ်ဘက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နေကြတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲတွေ ဆက်ရှိနေပေမယ့် ၁၀၂၇ စစ်ဆင်ရေးလိုမျိုး ဟန်ချက်ညီတဲ့ မြို့သိမ်းစခန်းသိမ်းထိုးစစ်တွေ ပြည်မမှာ မရှိသေးပါဘူး။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဦးစာပေးရမှာမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် အပစ်ခတ်ရပ်စဲပြီး ဆွေးနွေးမှုတွေ စတင်ဖို့ ဆောင်ရွက်သင့်တယ်လို့ ဇန်န ဝါရီ ၁၉ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။

BNI – Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ၂၄၀ မြို့နယ်မှာ တိုက်ပွဲတွေရှိနေတာကြောင့် စစ်ရေးပဋိပက္ခဖြစ်စဉ်တွေ မရှိသေးတဲ့ မြို့ နယ်အရေအတွက်ဟာ ၉၀ သာ ကျန်ရှိတော့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က နိုင်ငံတဝန်းမှာ မတည်ငြိမ်မှုတွေရှိနေတဲ့အပေါ် စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးလို့ သုံးသပ်ပါတယ်။

“အခုက တစ်ပြည်လုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက် တိုင်းရင်းသားတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေ သိမ်းထားတယ်။ ကြားနယ်မြေကလည်း လွှမ်းမိုးနေတာက ၃၀ ရာခိုင်နှုန်းလောက်ရှိတယ်။ အဲဒီတော့ ကျန်တဲ့မြို့နယ်တွေမှာ စစ်ကောင်စီလုပ်မယ်ဆိုတာ ဘာအဓိပ္ပာယ်မှ မရှိပါဘူး။လုပ်လည်း မလုပ်နိုင်ပါဘူး။ ဘယ်နိုင်ငံရေးအင်အားစုကမှလည်း ထွက်ပြီး စည်းရုံးရေးမဆင်းနိုင်ပါဘူး။ စစ်တပ်တောင်မှ တပ်ဝန်းထဲက မထွက်နိုင်တဲ့ တစ်ပြည်လုံးအခြေအနေမှာ ဘယ်လိုမှ မကျင်းပနိုင်ပါဘူး” လို့ ဆိုပါတယ်။

NUG နဲ့ CRPH အပါအဝင် အဖွဲ့ငါးဖွဲ့ကတော့ စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲကို ပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပံ့ပိုးကူညီတာတွေ၊ အသိအမှတ်ပြုတာတွေမလုပ်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပူးတွဲကြေညာခဲ့ပါတယ်။

ရွေးကောက်ပွဲကို အဓမ္မကျင်းပဖို့ ပြင်ဆင်နေတာက မြန်မာနိုင်ငံပြိုကွဲမှုကို ဦးတည်စေပြီး ပဋိပက္ခတွေသာ တိုးပွားလာစေတဲ့အပြင် ဒေသတွင်းမတည်ငြိမ်မှု ပိုပေါ်ပေါက်လာစေတာကြောင့် ရှောင်ကျဉ်ကြဖို့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.