မော်စကို၊ မတ် ၂၁

ခရိုင်းမီးယားဒေသအပြင် မော်စကိုက သူတို့အပိုင် ဖြစ်တယ်လို့ ပြောဆိုထားတဲ့ ယူကရိန်းဒေသ လေးခုစလုံးကို အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က တရားဝင် အသိအမှတ်ပြုပေးဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဆန္ဒရှိနေတယ်လို့ ရုရှားနေ့စဉ် သတင်းစာ Kommersant က ဖော်ပြပါတယ်။

၂၀၁၄ ခုနှစ်က ရုရှား သိမ်းယူခဲ့တဲ့ ခရိုင်းမီးယားဒေသနဲ့ အတူ လူးဟန့်စ်၊ ဒိုနက်စ်၊ ဇာပိုရီဇဟီယာနဲ့ ခါဆွမ်ဒေသတို့ကို ရုရှားဒေသတွေအဖြစ် အမေရိကန်က အသိအမှတ်ပြုပေးဖို့ သမ္မတ ပူတင်က ဆန္ဒရှိတယ်လို့ မတ် ၁၈ ရက်က ပူတင်နဲ့ သီးသန့် စီးပွားရေး အခမ်းအနားသို့ တက်ရောက်ခဲ့တဲ့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Kommersant သတင်းစာက ရေးပါတယ်။

စစ်မြေပြင်မှာ ရှေ့တိုးဖို့ ခက်ခဲနေတဲ့ ရုရှားဟာ အဲဒီ ဒေသ လေးခုစလုံးကို အပြည်အဝ ထိန်းချုပ်လို့ မရသေးပါဘူး။

အဲဒီလို အသိအမှတ်ပြုပေးမယ်ဆိုရင် ယူကရိန်း ဆိပ်ကမ်းမြို့ အိုဒက်ဆာနဲ့ တခြား ယူကရိန်းနယ်မြေတွေကို ရုရှားအပိုင်ဖြစ်ကြောင်း သတ်မှတ်တော့မှာ မဟုတ်ဘူးလို့ ပူတင်က ပြောကြားခဲ့ကြောင်း Kommersant က ဖော်ပြပါတယ်။

အဲဒီ သတင်းနဲ့ ပတ်သက်လို့ မတ် ၁၉ ရက်က မေးမြန်းချိန်မှာ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ထရန့်နဲ့ ပူတင်ကြား မကြာသေးခင်က ဖုန်းနဲ့ဆက်သွယ် ဆွေးနွေးရာမှာ အဲဒီကိစ္စကို မဆွေးနွေးခဲ့ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ရုရှား စီးပွားရေးခေါင်းဆောင်တွေနဲ့ မတ် ၁၈ ရက်က တံခါးပိတ် ဆွေးနွေးချိန်မှာ ယူကရိန်းစစ်ပွဲ အကြောင်း ပူတင် ဆွေးနွေးခဲ့တယ်လို့ သူက အတည်ပြုပါတယ်။

ဒါပေမဲ့ ခရိုင်းမီးယားအပြင် ရုရှား သိမ်းထားတဲ့ ယူကရိန်းဒေသ လေးခုကို ရုရှားအပိုင်အဖြစ် အမေရိကန်က အသိအမှတ်ပြုရေး ဆန္ဒရှိကြောင်း အဲဒီ တွေ့ဆုံမှု အတွင်း ပူတင် ပြောခဲ့သလားဆိုတာကိုတော့ ပြောခွင့်ရပက်စကော့ဗ်က အတည်မပြုပါဘူး။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.