ထားဝယ်၊ မတ် ၂၁
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးမှာ ဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်သား သုံးဦး စောင့်ကြိုတိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ဘုရားမဲစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သား သုံးဦးဟာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်ထွက်လာချိန် စောင့်ကြိုပစ်ခတ်ခံခဲ့ရတာပါ။
“ပစ်ခတ်မှုဖြစ်တာက သူတို့ စစ်ဆေးရေးဂိတ်နဲ့သိပ်မကွာဘူး။ စကစ သုံးယောက်က နေရာမှာပဲ တစ်ခါတည်းသေတယ်။ သူတို့ဂိတ်နဲ့လည်းနီးနေတော့ ပစ်ခတ်မှုလုပ်ပြီး လက်နက်သိမ်းဆည်း ပြန်ဆုတ်လာကြတယ်”လို့ ဒူရကစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးဟာ နေရာမှာသေဆုံးပြီး သေနတ် သုံးလက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် DNLA ဒူရကစစ်ကြောင်းက ဦးဆောင်ပြုလုပ်ခဲ့ပြီး ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် တစ်နာရီခန့်အကြာမှာ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်မှုဖြစ်ပွားနေရာကို ရောက်လာပြီး အလောင်းတွေကို လာပြန်ကောက်သွားကာ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း ထားဝယ်မြို့နဲ့ ၅ မိုင်ခန့်အကွာရှိ စစ်ကောင်စီရဲ့ ရွှေဂူတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးပြီး လေးဦး အရှင်ဖမ်းမိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒူရကစစ်ကြောင်း