ကျိုက်ထို၊ မတ် ၂၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး နှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိမ်ဇရပ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။
မတ် ၂၁ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ပဲခူးတိုင်း ဝေါမြို့နယ် လက်ပန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ရာကနေ ခရွဲကျေးရွာရှိ ဘုန်းကြီးကျောင်းအပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဆွမ်းဘုန်းဖို့ ပြင်ဆင်နေတဲ့ အသက် ၅၀ အရွယ် သံ ဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး အသက် ၄၀ အရွယ် သံဃာတော်နှစ်ပါး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်နက်ကြီးကြောင့် ဆွမ်းစားဆောင် ထိမှန်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သံဃာနှစ်ပါးကိုတော့ ဒေသခံအကူအညီနဲ့ သိမ်ဇရပ်တိုက်နယ်ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မုက္ခမော့ကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အခုနှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာတာကြောင့် ဒေသခံပြည်သူတွေ မကြာခဏဆိုသလို ထိခိုက်သေဆုံးနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ