ကော့ကရိတ်၊ မတ် ၂၁
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တဘလုခို့ခီးကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ မတ် ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ တဘလုခို့ခီးကျေးရွာကို ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတာပါ။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် တဘလုခို့ခီးကျေးရွာနေ အသက် ၃၆ နှစ် အရွယ် အမျိုးသား တစ်ဦးနဲ့ အသက် ၃၀ နှစ် အရွယ် အမျိုးသားတစ်ဦးတို့ ထိမှန်သေဆုံးခဲ့ပြီး နေအိမ် တစ်လုံးနဲ့ ဂိုဒေါင် တစ်လုံး ပျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အဦတွေ၊ ပြည်သူ့ဆေးရုံဆေးခန်းတွေ စာသင်ကျောင်းတွေနဲ့ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ လိုက်လံဗုံးကြဲပစ်ခတ်လျက်ရှိတယ်လို့ KNU က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ BMC ရဲ့ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၅၀၀ ထက်မနည်း သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU