မော်လမြိုင် ၊ မတ် ၂၁
ကမ္ဘာ့ရွှေဈေးနှုန်းဟာ မတ်လဒုတိယပတ်လောက်က စတင်ပြီး ဆက်တိုက်မြင့်တက်လာတဲ့နောက် ပိုင်း ပြည်တွင်းရွှေဈေးနှုန်းပါ မြင့်တက်လာတယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လပထမပတ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၈၅၀ ဝန်းကျင်သာရှိခဲ့ရာမှ ဒီနေ့ မတ် ၂၀ ရက်နေ့မှာတော့ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၃၀၅၀ ဝန်းကျင်ထိ မြင့်တက်လာတာပါ။
အခုလို ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာတာကြောင့် ပြည်တွင်း ရွှေဈေးနှုန်းမှာ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၆၅ သိန်းဝန်းကျင်ကနေ ကျပ် ၆၉ သိန်းဝန်းကျင်ထိ ဆက်တိုက်ဆိုသလို မြင့်တက်လာတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ယီမင်နိုင်ငံကြားမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာတဲ့အတွက် ပြည်တွင်း ရွှေဈေးနှုန်းပါမြင့်တက်လာတာ ဖြစ်တယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခု ဖြစ်တာကတော့ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၃၀၀၀ ကျော်အထိ တက်သွားတယ်ပေါ့နော်။ တက်သွားတာကလည်း ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ရေတပ်သင်္ဘောကို ယီမင်တွေကနေ ပစ်တယ်။ ပြီးတဲ့အခါကျတော့ သူတို့တွေနဲ့ အမေရိကန်နဲ့က လောလောဆယ် အမေရိကန်ကလည်း အဲဒီဘက်ကို ပြန်သွားပြီး ဗုံးကြဲတယ်။ အဲဒီလိုကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကမ္ဘာ့ရွှေဈေးက တက်သွားတယ်ပေါ့နော်၊ ကမ္ဘာ့ရွှေဈေးတက်တဲ့ အတွက်ကြောင့် အစ်မတို့ မြန်မာ့ရွှေဈေးက လိုက်တက်တာပေါ့နော်၊ အဲဒီလို အခြေအနေရှိတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်တွင်းရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ ပြည်တွင်းဒေါ်လာဈေးနှုန်း အတက်အကျပေါ် မူတည်တာကြောင့် လက်ရှိဒေါ်လာ ဈေးတည်ငြိမ်နေတဲ့အတွက် အခုလောက်သာ ဈေးနှုန်း တက်လာတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ ရွှေဈေးနှုန်း ဆက်တိုက် မြင့်တက်လာတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေသလို စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေကလည်း လာရောက် စောင့်ကြည့်တာတွေ ရှိနေတယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေက ပြောပါတယ်။
တဖက်မှာတော့ စစ်ကောင်စီက ပြည်တွင်းရွှေဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ဆိုကာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့က ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး နေ့စဉ်ရွှေရည်ညွှန်း ဈေးနှုန်းတွေကို သတ်မှတ်ပေးနေတာပါ။
စစ်ကောင်စီရဲ့ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ ဒီနေ့ မတ် ၂၀ ရက်နေ့မှာ စံချိန်မီ ရွှေတစ်ကျပ်သားကို ကျပ် ၅၅၈၀၀၀၀ ဈေးနှုန်းရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ အဲဒီဈေးနှုန်းနဲ့ ဝယ်ယူလို့ မရပါဘူး။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်က ပြည်တွင်း ရွှေဈေးနှုန်းဟာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၃ သိန်းဝန်းကျင်သာရှိခဲ့ရာမှ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဈေးနှုန်း ၅ ဆကျော်အထိ မြင့်တက်လာသလို ဈေးနှုန်း မတည်ငြိမ်မှုတွေကလည်း နေ့စဉ်နီးပါးဆိုသလို ဖြစ်ပေါ် နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ