ကိဗ်၊ မတ် ၂၀
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုကြောင့် ရုရှားနဲ့ယူကရိန်းတို့ စစ်အကျဉ်းသား ၃၇၂ ဦးကို လဲလှယ်ခဲ့ကြကြောင်း နှစ်ဖက်အစိုးရတို့က မတ် ၁၉ ရက်မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။
၂၀၂၂ နှစ်ဆန်းပိုင်းက ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း စစ်အကျဉ်းသားတွေနဲ့ ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ ကြွင်းကျန်ရစ်တဲ့ အစိတ်အပိုင်းတွေ လဲလှယ်မှုဟာ စစ်ခင်းနေတဲ့ နှစ်နိုင်ငံကြား တစ်ခုတည်းသော ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ ဆွေးနွေးပြီးနောက် စစ်အကျဉ်းသားတွေ လဲလှယ်ခဲ့ကြောင်း ကရင်မလင် နန်းတော်က မတ် ၁၈ ရက်မှာ ကြေညာခဲ့တာပါ။
ရုရှားအကျဉ်းသား ၁၇၅ ဦးကို ယူကရိန်းက လွှဲအပ်ခဲ့ပြီး ရုရှားက ယူကရိန်း စစ်အကျဉ်းသား ၁၇၅ ဦးနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ ယူကရိန်းအကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောထားပါတယ်။
ဒါဟာ အကြီးမားဆုံး စစ်အကျဉ်းသား လဲလှယ်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားလိုက်ပြီး ပြန်လွတ်လာတဲ့ ယူကရိန်းစစ်သား တချို့ကို ရုရှားက အမှတ်တကယ် မဟုတ်တဲ့ ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ပြောပါတယ်။

မတ် ၁၉ ရက်မှာ ပြန်လွတ်မြောက်လာခဲ့တဲ့ ယူကရိန်းစစ်သား တချို့ဟာ နိုင်ငံတောင်ပိုင်း မာရီယိုပူးလ်မြို့မှာ တိုက်ပွဲဝင်ခဲ့သူတွေ ဖြစ်တယ်လို့ သမ္မတ ဇီလန်စကီးက ပြောကြားထားပါတယ်။
အဲဒီမြို့ကို ရုရှားက ကျူးကျော် တိုက်ခိုက်ပြီး မကြာမီ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ စစ်အကျဉ်းသားအားလုံး လဲလှယ်ဖို့ တောင်းဆိုထားတဲ့ သမ္မတ ဇီလန်စကီးက ကြားဝင် ညှိနှိုင်းပေးတဲ့ ယူအေအီးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပြီး ယူကရိန်း စစ်အကျဉ်းသား အားလုံးကို ပြန်ခေါ်မယ်လို့ ကြွေးကြော်ထားပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ ရုရှားစစ်အကျဉ်းသား အားလုံးကို ဘီလာရု့စ်သို့ ပို့ဆောင်ထားပြီး စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ အပါအဝင် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးနေကာ ဆွေမျိုးတွေနဲ့ ဆက်သွယ် ခွင့်ပေးထားတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:AFP