ကန့်ဘလူ၊ မတ် ၁၃
စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အ ရပ်သား ၅၃၀၄ ဦး သေဆုံးခဲ့ပြီး ၃၈၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar က မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂၂ ခုမှာ စစ်ကောင်စီ လက် ချက်ကြောင့် အရပ်သား ၄၃ ဦး သေဆုံးခဲ့ပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် မတ်လကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးသူ အ ရေအတွက် စုစုပေါင်း ၉၀၀၀ ကျော် ရှိခဲ့တာပါ။
အဲဒီထဲမှာ ရွှေဘိုခရိုင်က အရပ်သားသေဆုံးသူ ၁၄၀၀ ကျော် ရှိခဲ့ပြီး ထိခိုက်မှုအများဆုံးဖြစ်သလို မုံရွာနဲ့ စစ်ကိုင်းခရိုင်တွေမှာလည်း သေဆုံး ၆၀၀ ကျော် ရှိပြီး ကန့်ဘလူ၊ ယင်းမာပင်နဲ့ ကလေးခရိုင်တွေမှာ သေဆုံးသူ ၅၀၀ ကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ အရပ်သားသေဆုံးမှုရဲ့ ၇၃ ရာခိုင်နှုန်းဟာ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုကြောင့် ဖြစ်ပြီး ၂၁ ရာခိုင်နှုန်းမှာ လက်နက်ကြီး၊ ဒရုန်း၊မိုင်းနဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ Data for Myanmar က ဆိုပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၁၀၀ ဝန်းကျင် လစဉ် သေဆုံးနေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလက ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူ ၁၅၀ ကျော်ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလလေးနှစ်အတွင်း စစ်ကောင်စီနဲ့ လက်ပါးစေတွေရဲ့ လက်ချက်ကြောင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၆၄၀၀ ဦး သေဆုံးခဲ့တယ်လို့ နိုင် ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ