တီဟီရန်၊ မတ် ၁၀
နျူကလီးယား သဘောတူညီမှု ရယူရေး သမ္မတ ဒေါ်နယ်ထရန့်က ဖိအားပေးလာပြီးနောက် အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက အနိုင်ကျင့်တတ်တဲ့ နိုင်ငံတွေက ညှိနှိုင်းဖို့ တိုက်တွန်းတာဟာ တခြားနိုင်ငံတွေကို ကြီးစိုးဖို့ ရည်ရွယ်တာ ဖြစ်ပြီး ပြဿနာတွေကို ဖြေရှင်းဖို့ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
အီရန်အနေနဲ့ သူတို့ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူညီမှု မယူရင် စစ်ရေးအရ နှိမ်နင်းခံရမယ်လို့ သမ္မတ ထရန့်က အီရန်ဆီ စာရေးပို့ထားပြီး မိမိအနေနဲ့ အီရန်ကို မထိခိုက်စေလိုတာကြောင့် သဘောတူညီမှု ယူရင် ပိုကောင်းလိမ့်မယ်လို့ ပြောထားပါတယ်။

မိမိတို့အနေနဲ့ အီရန်ကို နျူကလီးယား လက်နက် ပိုင်ဆိုင်ခွင့် ပေးလို့ မရတဲ့အတွက် တစ်ခုခု လုပ်မှ ဖြစ်မယ်လို့ ထရန့်က ပြောပါတယ်။
ထရန့်ပို့လိုက်တဲ့ စာကို လက်ခံရရှိပြီလားဆိုတာ အသေအချာ မသိရသေးပေမယ့် ခေါင်းဆောင်ကြီး ခါမေနီက အနိုင်ကျင့်တဲ့ နိုင်ငံတွေလို့ပဲ သုံးစွဲသွားပြီး ထရန့်ကို တိုက်ရိုက် ရည်ညွှန်း ပြောဆိုတာ မရှိပါဘူး။
အနိုင်ကျင့်တဲ့ နိုင်ငံတွေရဲ့ တောင်းဆိုမှုတွေကို မိမိတို့ နိုင်ငံက လိုက်လျော လက်ခံမှာ မဟုတ်ဘူးလို့ ခါမေနီက ပြောဆိုလိုက်တာပါ။

သမ္မတ အိုဘားမား လက်ထက်က အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ငါးနိုင်ငံ နျူကလီးယား သဘောတူညီမှုကနေ အမေရိကန်ကို ထရန့်က သူ့ရဲ့ ပထမ သမ္မတ သက်တမ်းအတွင်း နုတ်ထွက်စေခဲ့ပြီး အီရန် ဗိုလ်ချုပ် ခါဆန် ဆိုလိုင်မန်နီကို လုပ်ကြံ သတ်ဖြတ်ခဲ့ပါတယ်။
ဒုတိယအကြိမ် အိမ်ဖြူတော်သို့ ရောက်လာပြီးနောက် သမ္မတ ထရန့်က အီရန်အပေါ် အများဆုံး ဖိအားပေးတဲ့ ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီး စီးပွားရေးအရရော သံတမန်ရေးအရပါ အထီးကျန်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။
အီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ လက်နက် ထုတ်လုပ်ရေး အတွက် မဟုတ်ဘဲ စွမ်းအင် ထုတ်လုပ်ရေး ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်လို့ ပြောထားပေမယ့် ယူရေနီယံ သန့်စင်မှုတွေ ပိုမို လုပ်ဆောင်နေပါတယ်။
Ref:CNN