အိုတာဝါ၊ မတ် ၁၀

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒူးရဲ့ နေရာကို ဆက်ခံမယ့် မက် ကာနေက မငြိမ်သက်မှုတွေ များလာနေတဲ့အချိန် နိုင်ငံ့ ခေါင်းဆောင်နေရာကို ရယူချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ ကုန်သွယ်ရေး စစ်ပွဲ အရှိန်မြှင့် ဆင်နွှဲသွားမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ကနေဒါ ဗဟိုဘဏ်နဲ့ အင်္ဂလန်ဘဏ် အုပ်ချုပ်ရေးမှူးဟောင်းဟာ ကနေဒါဝန်ကြီးချုပ် နေရာကို ဆက်ခံဖို့ လစ်ဘရယ်ပါတီ ခေါင်းဆောင်နေရာ ရွေးချယ်ရာမှာ ပြိုင်ဖက် ၃ ဦးကို အပြတ်အသတ် အနိုင်ရထားပါတယ်။

ကနေဒါအပေါ် အခွန် တိုးမြှင့်ပြဌာန်းပြီး အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာအောင် လုပ်ပစ်မယ်လို့ ပြောထားတဲ့ သမ္မတ ထရန့်ကို အသက် ၅၉ နှစ်အရွယ် ဝန်ကြီးချုပ်လောင်း မက် ကာနေက တိုက်ခိုက်ပြီး အမေရိကန်တွေ အမှားမလုပ်မိစေနဲ့လို့ ပြောထားပါတယ်။

ကုန်သွယ်ရေး စစ်ပွဲ ဖြစ်လာရင် ဟော်ကီပြိုင်ပွဲတွေလိုမှာပဲ ကနေဒါပဲ အနိုင်ရလိမ့်မယ်လို့ သူက ပြောပါတယ်။

မက် ကာနေဟာ လာမယ့် ရက်ပိုင်းအတွင်း ကနေဒါဝန်ကြီးချုပ် အဖြစ် ကျန်းသစ္စာ ကျိန်ဆိုမယ်လို့ မျှော်လင့်ရပြီး သီတင်းပတ်ပိုင်းအတွင်း ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လစ်ဘရယ်တွေကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

အခု ကနေဒါဝန်ကြီးချုပ် ဖြစ်လာတော့မယ့် ကာနေဟာ အရင်က ရွေးကောက်ခံ ရာထူးနေရာတွေမှာ လုံးဝ တာဝန်မထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။

အိမ်ရာမြေ ပြဿနာနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတို့ကြောင့် လူကြိုက် နည်းလာတဲ့ ဝန်ကြီးချုပ် ထရူးဒူး နုတ်ထွက်ပြီးနောက် လစ်ဘရယ် ပါတီ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်မှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက စတင်ခဲ့တာ ဖြစ်ပါတယ်။

ထရန့်ဟာ အမေရိကန်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ ကနေဒါအပေါ် မတရားသဖြင့် အခွန်တွေ တိုးကောက်နေတယ်လို့ ကာနေက ပြောကြားထားတာပါ။

အမေရိကန်က မိမိတို့အပေါ် လေးစားကြောင်း ဖော်ပြလာတဲ့အထိ အမေရိကန်အပေါ် ပြဌာန်းထားတဲ့ အခွန်တွေ ဆက်လက် ကောက်ယူမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်လောင်း မက်ကာနေ က ဖြည့်စွက်ပြောကြားထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.