သံတောင်ကြီး၊ မတ် ၁၀

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ သပြေညွန်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်ခဲယမ်းပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KNLA ဗဟိုစစ်ဌာနချုပ်က မတ် ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သံတောင်ကြီးမြို့နယ်နဲ့ ပဲခူးတိုင်း ထန်းတပင်မြို့နယ်အစပ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ သပြေညွန့်ကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ ၇၃ လက်အောက်ခံ တပ်စခန်းကို မတ် ၆ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ခဲ့တာပါ။

သပြေညွန့်စခန်းကိုတော့ မတ် ၈ ရက်နေ့မှာ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲမှာ စစ်လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ KNLA ဗဟိုစစ်ဌာနချုပ်က ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၂၀ နီးပါး ထွက်ပြေးသွားတဲ့အတွက် KNLA ပူးပေါင်းအဖွဲ့က လိုက်လံရှင်းလင်းချေမှုန်းလျက်ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

သပြေညွန့်တပ်စခန်းကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိဖို့ ကြိုးပမ်းနေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ သပြေညွန့်ရွာအပါအဝင် အနီးအနားက ကျေးရွာတွေအပေါ် ဗုံးကြဲပစ်ခတ်တာတွေ လုပ်ဆောင်နေတဲ့အတွက် နေအိမ်တွေအများအပြား ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.