ရေး၊ မတ် ၁၀

မွန်ပြည်နယ် ရေးမြို့ အောင်သုခရပ်ကွက် ပါရမီကျောင်းလမ်းမှာ နယ်ထိန်းရဲ တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ မတ် ၉ ရက်နေ့ ညနေ ၆ နာရီအချိန်လောက်က ပါရမီကျောင်းလမ်းအတွင်းရှိ ဘီယာဆိုင်မှာ အရက်ထိုင်သောက်နေတဲ့ ရေးမြို့မရဲစခန်းက နယ်ထိန်းရဲ မျိုးသူကို ရေးဘီလူးအဖွဲ့က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။

“သူကို(နယ်ထိန်းရဲ) ဆိုင်ထဲဝင်ပစ်တာ တချက်ထိပြီး ထပြေးလို့ လိုက်ပစ်တာ အရက်ဆိုင်ရဲ့ မလှမ်းမကမ်း ရေမြောင်းနားမှာ နောက်ကျည်တွေ ထပ်ထိပြီး အဲမှာပဲ သေသွားတယ်”လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

သေနတ်နဲ့ဝင်ရောက် ပစ်ခတ်ခံရတာကြောင့် နယ်ထိန်းရဲ ဖြစ်တဲ့ ရဲတပ်ကြပ်ကြီး မျိုးသူဟာ ဦးခေါင်းနဲ့ နောက်ကျောတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

နယ်ထိန်းရဲ မျိုးသူဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ဆက်စပ်သူတွေကို ဖမ်းဆီးဖို့ သတင်းစုံစမ်းနေတာ၊ စစ်မှုထမ်းအတွက် လူငယ်တွေကို ဖမ်းဆီးတာ၊ ငွေကြေးကောက်ခံတာတွေ လုပ်ဆောင်နေတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့က ဆိုထားပါတယ်။

နယ်ထိန်းရဲ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ရေးမြို့အဝင်အထွက်နဲ့ လမ်းဆုံလမ်းခွနေရာတချို့မှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရေးဘီလူး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.