မုဒုံ ၊ မတ် ၁၁
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကလော့သော့ကျေးရွာမှာ ဆိုင်ကယ်စီးနင်းလာတဲ့ မွန်လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မတ်လ၁၀ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ မွန်လူငယ်နှစ်ဦးကို စစ်ကောင် စီနဲ့ ဌာနေပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက ကျေးရွာဆေးပေးခန်းအနီးမှာပဲ သေနတ်နဲ့ ခြောက်ချက် ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အဲဒီမွန်လူငယ်နှစ်ဦးဟာ ဦးခေါင်း၊ နောက်ကျောနဲ့ လက်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တာပါ။
သေဆုံးသွားတဲ့ လူငယ်နှစ်ဦးဟာ ကလော့သော့ကျေးရွာနေ အသက် ၂၅ နှစ်အရွယ် မွန်ထိုင်းနဲ့ ကော့ပီထော်ကျေးရွာနေ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးတို့ ဖြစ်ပါတယ်။
စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ သေနတ်နဲ့ ပစ်သတ်သွားတဲ့ လူငယ်နှစ်ဦးကို ဒီအတိုင်းပဲပစ်ထားခဲ့ပြီး မနက်ပိုင်းမှသာ ဒေသခံတွေအကူအညီနဲ့ ကမာဝက်တိုက်နယ်ဆေးရုံ ပို့ဆောင်ခဲ့ကာ အဲဒီနောက် ကလော့သော့ကျေးရွာသုသာန်မှာ သဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ပစ်သတ်ခံလိုက်ရတဲ့ မွန်လူငယ်နှစ်ဦးဟာ ဒေသတွင်းမှာ ဆိုင်ကယ်ခိုးမှုတွေကျုးလွန်နေသူဖြစ်ပြီး သူတို့နှစ်ဦးကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ ဖမ်းဆီးရမိပြီးနောက် သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။
မွန်လူငယ်နှစ်ဦး ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ