ထားဝယ်၊ မတ် ၁၁
တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်စခန်းနှစ်ခု အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့မှာ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့ဂိတ်စခန်းနဲ့ ရေဖြူမြို့အဝင် စစ်ဆေးရေးတံတားဂိတ်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အလစ်ငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့ စစ်ဆေးရေးဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်မှုအတွင်း အချိန်နာရီဝက်နီးပါးအကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အဲဒီနေ့ ညနေပိုင်းမှာလည်း ရေဖြူမြို့အဝင် စစ်ဆေးရေးတံတားဂိတ်မှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ထပ်မံတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုနှစ်ခုအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှ အထိအခိုက်မရှိဘဲ ပြန် လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ ဒူရကစစ်ကြောင်း ဦး ဆောင်မှုနဲ့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ဒူရကစစ်ကြောင်း