ထန်းတပင်၊ မတ် ၁၀

ပဲခူးတိုင်း ထန်းတပင်မြို့နယ်မှာ စစ်လက်နက်ခဲယမ်းရိက္ခာတွေ သွားရောက်ပို့ဆောင်နေတဲ့ စစ်ကောင်စီတပ်ကို KNLA KNDO PDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားတယ်လို့ စစ်တောင်း Campaign က သတင်းထုတ်ပြန်ပါတယ်။

KNU တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ တောတထူ(ထန်းတပင်)မြို့နယ်ထဲမှာ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ရေသုတ်ကြီးစခန်းက စစ်ကောင်စီတပ်သားတွေဟာ နောစိုတပ်စခန်းဆီကို မတ်လ ၉ ရက်နေ့ မနက် ၇ နာရီကျော်အချိန်က ရိက္ခာလက်နက်ခဲယမ်းတွေ သွားရောက်ပို့ဆောင်နေစဉ် KNLA KNDO PDF ပူးပေါင်းအဖွဲ့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရတာပါ။

ရေသုတ်ကြီးစခန်းကနေ စစ်ကောင်စီတပ်သားတွေဟာ နောစိုးစစ်စခန်းနဲ့ ခူလောင်ကျေးရွာအကြား ရောက်ရှိစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ KNDO၊ PDF ပူးပေါင်းအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားကြကာ MA-3 ၁ လက်နဲ့ MA-4 ၄ လက်တို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ကလည်း KNU တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် သံတောင်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ သပြေညွန့်စခန်းကို KNLA PDF ပူးပေါင်းအဖွဲ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေ များပြားခဲ့တယ်လို့ KNLA နဲ့ PDF စစ်ကြောင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

သပြေညွန့်စခန်းထဲမှာ စစ်ကောင်စီတပ်ရဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ တပ်ရင်းလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ အထိုင်ချနေထိုင်တဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။

သပြေညွန့်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီကနေ လက်နက်ကြီး လက်နက်ငယ်တွေ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ ၂ စစ်ကြောင်းကလည်း သတင်းထုတ်ပြန်ထားသလို စခန်းသိမ်းတိုက်ပွဲကာလနဲ့ စခန်းသိမ်းပြီးအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – စစ်တောင်း Campaign

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.