မကွေး မတ် ၁၀

မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၈ ရက်ကစလို့ စလင်းမြို့နယ် ကျပင်းကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး ကျေးရွာ ငါးရွာက ပြည်သူတွေ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

“လက်ရှိအချိန်အထိတော့ စစ်ကြောင်းကရှိနေသေးတယ်။ ကျပင်းရွာကပြည်သူတွေနေအိမ်တွေကို ဖောက်ထွင်း ခိုးယူတာတွေ လုပ်တယ်။ ကျပင်းရွာတောင်ကျောင်းက ဘုန်းကြီးတစ်ပါးကို စစ်ကောင်စီက ဖမ်းသွားတာလည်းရှိတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက မတ် ၉ ရက် နေ့လယ်ပိုင်းမှာလည်း ကျပင်းရွာကို လေကြောင်းကနေ ပစ်ခတ်ခဲ့ပြီး အထိအခိုက် အပျက်အစီးကိုတော့ မသိရသေး​ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ သံပြားကာ ကားအကြီး ၃ စီး၊ ခြောက်ဘီး သံချပ်ကာ BTR ၂ စီးနဲ့ Sinotruk ၂ စီးတို့ဟာ မကွေးကနေ စလင်းမြို့ကို မတ် ၆ ရက်နေ့မှာ ရောက်ရှိလာတာပါ။

စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား မတ် ၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပြီး စစ်ကောင်စီဘက်က အထိအခိုက်များတယ်လို့ ဒေသခံတွေက ပြောပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.