လောင်းလုံး၊ မတ် ၈
တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းသုံးခုကို ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ မတ်လ ၈ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်ကစပြီး လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ စရဖရုံးနဲ့ထွေအုပ်ရုံးတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် အချိန်သုံးနာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စမ်းလှမ်းကျေးရွာ ပင်လယ်ပြင်ရှိ စစ်ကောင်စီစစ်သဘောင်္ကနေ လက်နက်ကြီး ပစ်ကူပေးတာတွေ ရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ မြို့ပေါ်တိုက်ပွဲ ဖော်ဆောင်တာ ဖြစ်တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ထိခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် လောင်းလုံးမြို့ပေါ်မှာ လူသွားလူလာမရှိတော့ဘဲ နေအိမ်တွေမှာ ပုန်းခိုနေ ထိုင်နေကြရပြီး တိုက်ပွဲပြီးချိန်မှာတော့ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF