ဘုရားသုံးဆူ၊ မတ် ၉

ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို ထွက်ခွာကြဖို့ DKBA က အမိန့်ထုတ်ပြန်ပြီးနောက် တရုတ်နိုင်ငံသားတွေဟာ မြို့အပြင်ဘက်ကို ပြောင်းရွှေ့သွားသလို အချို့တွေလည်း မြို့ထဲမှာ ဆက်ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဖေဖော် ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး တရုတ်လူမျိုးတွေ မြို့ထဲကနေ ထွက်ခွာကြဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ထားတာပါ။

အဲဒီနောက် တရုတ်နိုင်ငံသားတွေဟာ မြို့ထဲမှာ အရင်လို သွားလာနေတာတွေ မရှိတော့ဘဲ မြို့အပြင်ဘက်ရှိ ရော်ဘာခြံနဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် အမှတ် ၂ နည်းဗျူးဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း ပိုင်ဆိုင်တဲ့ ချောင်းဆုံသဘာဝအပန်းဖြေ ရေတံခွန်ကို ပြောင်းရွှေ့သွားတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဘုရားသုံးဆူမြို့နဲ့ ၄ မိုင်ခန့်အကွာမှာရှိတဲ့ ကျော့ပလုကျေးရွာအနီးရှိ တစ်ဧကကျော်ကျယ်တဲ့ ရော်ဘာခြံမှာလည်း တရုတ်လူမျိုးနေထိုင်ဖို့အတွက်ဆိုပြီး အဆောက်အဦး အသစ်တွေ အများအပြားဆောက်လုပ်နေပြီး အင်တာနက်သုံးစွဲဖို့အတွက် အဆောက်အဦး ခေါင်မိုးပေါ်တွေမှာလည်း Starlink Mini စက်တွေ အများအပြား တပ်ဆင်ထားတာ ဖြစ်ပါတယ်။

အလားတူ ဘုရားသုံးဆူမြို့နဲ့ ၁၀ မိုင်ခန့်အကွာ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး ကားလမ်းပေါ်မှာရှိတဲ့ ဧက ၄၀ နီးပါး ကျယ်တဲ့ ချောင်းဆုံသဘာဝ အပန်းဖြေ ရေတံခွန်ဝင်းကြီး တစ်ခုလုံးကို ဗိုလ်မှူး ကြီးစောအေဝမ်းက တရုတ်လူမျိုးတွေကို သုံးနှစ်စာချုပ်နဲ့ ဌားရမ်းထားတယ်လို့ ဆိုပါတယ်။

အရင်က ချောင်းဆုံသဘာဝအပန်းဖြေရေတံခွန်မှာ ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်တာတွေရှိပြီး လက်ရှိမှာတော့ ဧည့်သည်လည့်ပတ်ခွင့်ကို ဖေဖော်ဝါရီလ တတိယအပတ်ခန့်ကစလို့ ပိတ်ပင်လိုက်တာဖြစ်သလို အဆောက်အဦးသစ်တွေ ထပ်မံဆောက်လုပ်နေကာ ရေတံခွန်အဝင်အဝမှာလည်း DKBA စစ်သားတွေ လုံခြုံရေး ယူပေးထားတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ဗိုလ်မှူးကြီးစောအေဝမ်က တရုတ်နိုင်ငံသားတွေ မြို့ထဲကနေထွက်ခွာကြဖို့ အမိန့်ထုတ်ပြန်ထားပေမယ့် ဘုရားသုံးမြို့ထဲက အချို့အိမ်တွေမှာ တရုတ်လူမျိုးတွေ အိမ်တံခါးပိတ်ပြီး ဆက်လက်နေထိုင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း MS 349922 မှကျားဖြန့်လုပ်ငန်း လုပ်ကိုင်တဲ့ ကျားဖြန့်ဂိုဏ်းသား ၈၆ ဦးကို ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်က ရွှေကုက္ကိုင်မြို့ထံ လွှဲပြောင်းပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.