မော်စကို၊ မတ် ၈
ယူကရိန်း ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့အတွက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ စီစဉ်နေတာဟာ စစ်ပွဲမှာ ဗြိတိန် တိုက်ရိုက် ပါဝင်တဲ့သဘော ဖြစ်တယ်လို့ ရုရှားက ပြောကြားလိုက်ပါတယ်။
ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီမှု ရလာရင် စောင့်ကြပ်ရေး ဆန္ဒရှိတဲ့ နိုင်ငံတွေ မဟာမိတ် ဖွဲ့ဖို့ ဗြိတိန်ဝန်ကြီးချုပ်က ပြင်သစ်သမ္မတ မက်ကရွမ်နဲ့ အတူ အဆိုပြုထားပါတယ်။

ဒီလို ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနဲ့ ယူကရိန်းကို ကူညီရေး ညွှန့်ပေါင်း အဖွဲ့မှာ နိုင်ငံပေါင်း ၂၀ လောက် ပါဝင်ဖို့ ရှိနေတယ်လို့ ဝန်ကြီးချုပ် ကီယာ စတာမာက ပြောပါတယ်။
ဒါပေမဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့က ရုရှား နယ်စပ်မှာ နိုင်ငံခြားတပ်တွေ ချထားတာက ရုရှားနဲ့ ဖြစ်နေတဲ့ စစ်ပွဲမှာ နေတိုး အဖွဲ့ဝင်နိုင်ငံတွေ တိုက်ရိုက် တရားဝင် ဝင်ပါလာတဲ့ သဘော ဖြစ်ပြီး ခွင့်ပြုလို့ မရဘူးလို့ ပြောကြားထားပါတယ်။
ဒေါ်နယ်ထရန့် အစိုးရက ယူကရိန်းကို ပေးနေတဲ့ အမေရိကန် စစ်ရေး အကူအညီ အားလုံး ရပ်တန့်ထားသလို ထောက်လှမ်းရေးသတင်း ဝေမျှပေးမှုကိုလည်း ရပ်တန့်ထားချိန်မှာ ဝန်ကြီးချုပ် ကီယာ စတာမာက ယူကရိန်းဆီ တိုက်ခိုက်ရေး ဒရုန်းတွေ အရှိန်မြှင့် ပေးပို့ ကူညီနိုင်ရေး လုံခြုံရေးလုပ်ငန်း တစ်ခုနဲ့ လက်မှတ်ရေးထိုး သဘောတူထားပြီး ဖြစ်ပါတယ်။

ဗြိတိန်နဲ့အမေရိကန် ကာကွယ်ရေးဝန်ကြီးတို့ ပြောဆိုဆွေးနွေးမှုအပြီးမှာ ဝန်ကြီးချုပ် ကီယာ စတာမာက အခုလိုမျိုး ပြောကြားခဲ့တာပါ။
အမေရိကန်က ယူကရိန်းနဲ့ ပတ်သက်လို့ ရုရှားဘက်က ရပ်တည်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပယ်ချပြီး မီဒီယာတွေရဲ့ တစ်ဖက်စောင်းနင်း ဖော်ပြမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဥရောပအတွက် ကာကွယ်ရေး အကူအညီတွေကို သမ္မတ ထရန့်က လျှော့ချနိုင်ခြေ ရှိတဲ့အတွက် ဥရောပခေါင်းဆောင်တွေက ကြိုတင် စီမံမှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
ယူကရိန်းကို ဆက်လက် ကူညီပေးရေးလည်း ဥရောပ ခေါင်းဆောင်တွေ သဘောတူထားပြီး ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရခဲ့ရင် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေ ယူကရိန်းသို့ စေလွှတ်ဖို့ ပြင်ဆင်နေကြပါတယ်။
ပြင်သစ်နဲ့ ဗြိတိန်တို့က ယူကရိန်းဆီ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ အဆိုပြုထားတာဟာ ထိပ်တိုက်ရင်ဆိုင်လိုတဲ့ သဘောထားကို ဖော်ပြနေတာ ဖြစ်တယ်လို့ ရုရှားက ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:Independent