မော်လမြိုင် ၊ မတ် ၉

အာဏာသိမ်းစစ်ခေါင်းဆောင်က အထွေထွေရွေးကောက်ပွဲကို အခုနှစ်ဒီဇင်ဘာ ဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီအစောပိုင်းမှာ ကျင်းပဖို့စီစဉ်ထားတယ်လို့ ဘယ်လာရုစ်ခရီးစဉ်မှာ အချိန်ကာလကို သတ်မှတ်ပြောဆိုလာပါတယ်။

ဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၇ရက် နေ့မှာပြုလုပ်တဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကနေ ပြောဆိုခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲဝင်ဖို့အတွက် နိုင်ငံရေးပါတီ ၅၃ ပါတီက စာရင်းပေးသွင်းထားပြီး ရွေးကောက်ပွဲကျင်း ပမှုအပေါ် ဘယ်လာရုစ်နိုင်ငံက လေ့လာရေးအဖွဲ့တွေကိုလည်း လာရောက်ကြည့်ရှုနိုင်ဖို့ စစ်ခေါင်း ဆောင်က ဖိတ်ကြားထားတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ရွေးကောက်ပွဲအစီအစဉ်ဟာ အချိန်ကာလအနေနဲ့ နောက်ဆုတ်လာနေသလို ၂၀၂၅ ဟာ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်မယ့်နှစ်ဖြစ်လို့ ကျင်းပဖြစ်မယ် မထင်ဘူးလို့ သုံးသပ်ပါတယ်။

“သူ့(စကစ) ရွေးကောက်ပွဲအစီအစဉ်တွေဟာ စစ်ရှုံးနေတဲ့အတွက် တဖြည်းဖြည်း ဆုတ်ဆုတ်လာတာ အခု ၂၀၂၅ ရောက်တဲ့အခါကျတော့လည်း ၂၀၂၆။ သူက အဲဒီလိုပဲပြောင်းနေမှာပဲ။ ဒါပေမယ့် အခြေအနေကတော့ ၂၀၂၅ ကျော်စရာအကြောင်းမရှိပါဘူး။ မင်းအောင်လှိုင် စစ်‌ရေးအရ ရှုံးနိမ့်ပြီးတော့ နေပြည်တော်ကနေ သူထွက်ခွာရမယ့် အခြေအနေဖြစ်တဲ့အတွက် ရွေးကောက်ပွဲဟာလည်း ကျင်းပဖြစ်မယ်လို့ မထင်ဘူးလို့ ကျွန်တော့်တစ်ဦးတည်းအမြင်အနေနဲ့ သုံးသပ်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

အာဏာသိမ်းချိန်ကစပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမယ်လို့ အမြဲတစေထုတ်ပြောထားတဲ့ စစ်‌ကောင်စီဟာ နိုင်ငံကို အ‌ရေးပေါ်အခြေအနေအဖြစ် တစ်နှစ်ကြေညာခဲ့ပြီးနောက် ဒေသမတည် ငြိမ်မှုအကြောင်းပြချက်နဲ့ ၆ လ သက်တမ်းကို အကြိမ်ကြိမ်တိုးယူခဲ့တာပါ။

မဲမသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံကို အရေးပေါ်ကြေညာပြီး ခေတ္တာတာဝန်ယူထားတာကြောင့် မကြာခင် ဥပဒေနဲ့အညီ ရွေးကောက်ပွဲကျင်းပသွားဖို့ အချိန်ကာလနှစ်ခုကို စစ်ခေါင်းဆောင်ထုတ်ပြောတာကလည်း မသေချာမရေရာပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း လာမယ့် ၂၀၂၃ ခုနှစ် ဩဂုတ်မှာရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာလွှဲအပ်ပေးမယ်လို့ စစ်ခေါင်းဆောင်အပါအဝင် ကော်မရှင်ဘက်က ထုတ်ပြောခဲ့ပေမယ့် ဖြစ်မလာခဲ့တာ သက်သေပါ။

အခုထုတ်ပြောလာတဲ့ ရွေး‌ကောက်ပွဲကျင်းပမယ့် အချိန်ကာလကလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအတွက် ပါတီဝင်ဦးရေ၊ ရုံးခန်းဖွင့်လှစ်မှုနဲ့ ကိုယ်စားလှယ်လောင်း အရေအတွက်ပြည့်မီဖို့ အကျပ်အတည်းဖြစ်စေပါတယ်။

ကရင်ပြည်နယ်အတွင်းစည်းရုံးမယ့် မွန်တိုးတက်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ဦးက လက်ရှိအခြေ အနေနဲ့ ပါတီဘက်က ပြင်ဆင်ရမယ့်အချိန်ဟာ အနည်းငယ်သာရှိတဲ့အတွက် အခက်အခဲရှိတယ်လို့ ပြောပါတယ်။

“ကျွန်တော့်ပါတီအနေနဲ့တော့ အခုလောလောလတ်လတ် လုပ်မယ်ဆိုရင်တော့ ပြင်ဆင်ဖို့ အချိန်တွေ ဘာမှတော့ ရမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ နယ်မြေလုံခြုံမှုရော ဘာရောညာရော ပါတီဝင်တွေရောပေါ့။ မဲဆွယ်စည်းရုံးမှုဆိုတာလည်း မလွယ်ဘူးလေ။ ဆိုတော့လည်း ကျွန်တော်တို့ ရည် ရွယ်ချက်က ဒီရွေးကောက်ပွဲဖြစ်ခဲ့သည်တိုင် မဖြစ်မနေပါဝင်ရမယ့် ကိုယ်စားလှယ်သုံးယောက်လောက်ပဲ အမည်စာရင်းတင်သွင်းမယ်လို့ ရည်ရွယ်ထားပါတယ်။ ရှုံးသည်နိုင်သည်က ထားလိုက်ဦးပေါ့။ အခြေအနေက ဘယ်လိုလာမယ်မှန်းမှ မသိတော့လေ။ အဲဒီလိုပဲ ဆုံးဖြတ်ထားတယ်ဗျ”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ရွေးကောက်ပွဲကျင်းပမယ့် ရက်မတိုင်မီ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတဝန်း စည်းရုံးမယ့်ပါတီဖြစ်ရင် ပါတီဝင်ဦးရေ အနည်းဆုံး ငါးသောင်းရှိရမှာဖြစ်ပြီး မြို့နယ်အားလုံးရဲ့ အနည်းဆုံးသုံးပုံတစ်ပုံမှာ ပါတီရုံးခန်းဖွင့်လှစ်ရမှာပါ။

ဒါ့အပြင် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့်ပါတီဆိုရင် ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ရှိရမှာဖြစ်ပြီး အဲဒီဒေသအတွင်းရှိ မြို့ နယ်အားလုံးရဲ့ အနည်းဆုံး ၅ မြို့နယ်မှာ ပါ တီရုံးခန်းခွင့်လှစ်ရမယ်လို့ ပြဌာန်းထားပါတယ်။

ဒီအတွက်ကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၂၆ ဇန်နဝါရီအစောပိုင်းမှာ မဖြစ်မနေ ရွေး ကောက်ပွဲ ကျင်းပလာရင် နိုင်ငံရေးပါတီတွေအတွက် အခုချိန်ကစပြီး ပြင်ဆင်ချိန် ၁၀ လလောက်သာရတဲ့ အခြေအနေပါ။

တစ်ဘက်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွေကလည်း နိုင်ငံအနှံ့ အရှိန်အဟုန်မပျက် ဆက်ရှိနေသလို စစ်ကောင်စီရဲ့ အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ နယ်မြေစိုးမိုးမှုတွေကလည်း သုံးပုံတစ်ပုံတောင် မပြည့်တော့ပါဘူး။

BNI – Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ၂၄၀ မြို့နယ်မှာ တိုက်ပွဲတွေရှိနေတာကြောင့် စစ်ရေးပဋိပက္ခဖြစ်စဉ်တွေ မရှိသေးတဲ့ မြို့ နယ်အရေအတွက်ဟာ ၉၀ သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေအားလုံး စစ်ကောင်စီကို စစ်ရေးအရ ဟန်ချက်ညီညီ ဖိအားပေးတိုက်ခိုက်ဖို့ လိုအပ်မယ်လို့ သုံးသပ်ပါတယ်။

“ဒီရွေးကောက်ပွဲက အောင်အောင်မြင်မြင်နဲ့ ဖြစ်လာနိုင်စရာအကြောင်းမရှိဘူး။ ဒါပေမယ့် သိမ်း ပိုက်ထားပြီးသားနယ်မြေတွေကို ဆက်ပြီးတော့ ထိန်းချုပ်ထားနိုင်မယ်ဆိုရင်တော့ ရတယ်။ ဒီလိုမျိုးဖြစ်ဖို့လည်း ကျွန်တော်တို့ ERO နဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့မှန်သမျှ ကွန်ယက်သဖွယ် ဖွဲ့စည်းပြီးမှ ဟန်ချက်ညီညီ တိုက်ခိုက်ဖို့ လိုတယ်။ ဟန်ချက်ညီ မတိုက်ခိုက်နိုင်ရင်တော့ သူ့ရဲ့ ရုပ်ပြရွေး ကောက်ပွဲက ဖြစ်ချင်လည်း ဖြစ်သွားနိုင်မယ့် အနေအထားမျိုးရှိပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်မှာ လွှတ်တော်ဥက္ကဌနှစ်ဦးက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကျင်းပချိန်မှာ ရုရှားနိုင်ငံအနေနဲ့ ထောက်ခံအားပေးသွားမယ့်အပြင် လေ့လာရေးအဖွဲ့တွေ စေလွှတ်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

တရုတ်အစိုးရကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံပြီး လိုအပ်တဲ့အကူအညီတွေ ပေးသွားမှာဖြစ်လို့ ကိုးကန့်တပ် MNDAA နဲ့ အပစ်ခတ်ရပ်စဲနိုင်အောင် စေ့စပ်ပေးခဲ့ပြီး မြန်မာ့အ ရေးမှာ ဝင်ရောက်ညှိနှိုင်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီ အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ ရန်ကုန် နေပြည်တော် မန္တလေး ပဲခူး ဧရာ ဝတီစတဲ့ တိုင်းဒေသအတွင်းရှိ မြို့နယ်တွေနဲ့ ရပ်ကွက်ကျေးရွာတွေမှာ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပနိုင်ခြေရှိနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ရန်ကုန်နဲ့ပဲခူးဒေသကို ပြန်လည်စိုးမိုးနိုင်ဖို့ တိုက်ပွဲတွေ စတင်ဖော်ဆောင်တော့မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြီးခဲ့တဲ့ ဖေဖော် ဝါရီမှာ ထုတ်ပြောထားတာပါ။

ဒီအတွက် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်တော် PDF အောက်ရှိ တပ် ရင်းတပ်ဖွဲ့တွေ ပြောင်းရွှေ့မှုပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ပဲခူးတိုင်းထဲက ရန်ကုန် – မန္တ လေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေ အခြေချတပ်စွဲထားတဲ့ ဂိတ်စခန်း ၇ ခုကို ပူး ပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။

မြို့သိမ်းတိုက်ပွဲဖြစ်မလာသေးတဲ့ မွန်ပြည်နယ်မှာတော့ လက်ရှိအခြေအနေအတိုင်း ဆက်ဖြစ်နေရင် ရွေးကောက်ပွဲကို စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာနိုင်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က သုံးသပ်ထားတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဒေါက်တာသီရိမွန်ချမ်းက ရွေးကောက်ပွဲပျက်ပြားရေးအတွက် စစ်ရေးအရ ပြတ်ပြတ်သားသား တိုက်ဖျက်သွားမယ်လို့ ပြောပါတယ်။

“အဓိကအရေးကြီးဆုံးနည်းလမ်းက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ နွေ ဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးစစ်ရေးအဖွဲ့အစည်းတွေနဲ့ ဗျူဟာမြောက်ပူးပေါင်းပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အတုအယောင်ရွေးကောက်ပွဲပျက်ပြားရေးအတွက် စစ်ရေးအရ ပြတ်ပြတ်သားသား အရေးယူတိုက်ဖျက်သွားဖို့ ချမှတ်ထားပါတယ်”လို့ ဆိုပါတယ်။

နိုင်ငံရေးအရ ပြည်သူလူထုနဲ့ နိုင်ငံ‌ရေးပါတီတွေကို တိုက်တွန်းသွားမှာဖြစ်သလို နိုင်ငံတကာကိုလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အသိအမှတ်မပြုဖို့နဲ့ အကူအညီတွေမပေးကြဖို့ သံတမန်နည်းလမ်းနဲ့ လုပ်ဆောင်သွားမယ်လို့ သူကဆက်ပြောပါတယ်။

လေ့လာသူတွေကတော့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပပြီးမှသာ ထွက်ပေါက်ရမယ့် အ ခြေအနေမျိုးကြောင့် စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင်လည်း အရေးပေါ်သက်တမ်းကို အထပ် ထပ်တိုးကာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းနေမယ့်သဘောလို့ သုံးသပ်ကြပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံအနှံ့ထိုးစစ်တွေကို စစ်မှုထမ်းဥပဒေနဲ့ တပ်သားစုဆောင်းကာ မြေပြင်ထက် ဝေဟင်ကနေ နည်းပေါင်းစုံ ဆက်လက်ခုခံရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.