လှိုင်းဘွဲ၊ မတ် ၉

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကလေဖိုးကလိုးကျေးရွာအနီးတဝိုက်မှာ မတ်လဒုတိယအပတ်ထိ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ နယ်စပ်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး ကလေဖိုးကလိုကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ ပူလူတူတပ်စ ခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ တော်လှန် ရေးပူးပေါင်းအဖွဲ့ တို့က စတင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေဟာ မတ် ၈ ရက်နေ့အထိ ပြင်း ထန်နေဆဲဖြစ်ပါတယ်။

KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဟာ စစ်ကောင်စီတပ်အပေါ် ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အတွက် ထိုင်းစစ်တပ်ကနယ်စပ်ကို စောင့်ကြည့်နေရာယူပြီး လုံခြုံရေးတိုးချထားတယ်လို့ ဆိုပါတယ်။

လှိုင်းဘွဲမြို့နယ် ထိုင်း မြန်မာနယ်စပ် ကလေဖိုးကလိုးရွာအနီး ပတ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပြင်းထန်မှုတွေကြောင့် ကလေဖိုးကလိုးရွာအပါအဝင် ကျေးရွာ ၃ ရွာထက်မနည်းက ဒေသခံပြည်သူ ၅၀၀ ဝန်းကျင်ဟာ ထိုင်းနိုင်ငံဘက်ခြမ်း တာ့ခ်ခရိုင် ထာ့ဆောင့်ယန်းမြို့နယ်ထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံပြည်သူ စစ်ဘေးရှောင် ၅၀၀ ဝန်းကျင်ကို ထိုင်းလုံခြုံရေးအဖွဲ့တွေက စောင့်ကြပ်ထားပြီး လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ထားတယ်လို့ ထိုင်းစစ်တပ်အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။

တပ်မဟာ ၇ နယ်မြေမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီတပ်နဲ့ KNLA KNDO ပူးပေါင်းအဖွဲ့တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေခဲ့တာဖြစ်ပြီး ဗဟိုဌာနချုပ်ဟောင်း မာနယ်ပလောကို KNU က ပြန်လည်သိမ်းပိုက်ရရှိနိုင်ခဲ့သလို စစ်ကောင်စီတပ်ကလည်း တပ်မဟာ ၇ နယ်မြေထဲက KNU ဗဟိုဌာနချုပ်ကို ဒရုန်းနဲ့ လာရောက်ဗုံးကြဲခဲ့တာတွေ ရှိခဲ့ပါတယ်။

KNU ဗဟိုဌာနချုပ်ထဲ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြဲမှုကြောင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့သလို အခုနှစ် ၂၀၂၅ ခုနှစ်အစောပိုင်းမှာ တပ်မဟာ ၇ နယ်မြေထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သွားခဲ့ပါတယ်။

လှိုင်းဘွဲမြို့နယ် ထိုင်းနယ်စပ်နား လတ်တလောဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ဒေ သခံ စစ်ဘေးရှောင်ပြည်သူတွေဟာ နေရပ်မပြန်နိုင်သေးသလို စစ်ကောင်စီတပ်က လေကြောင်းလာရောက်ဗုံးကြဲခဲ့တာကြောင့် ဒေသခံတွေဟာ ကြောက်ရွံ့ထိတ်လန့်ပြီး ဗုံးခိုကျင်းထဲ ပုန်းအောင်းနေထိုင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.