“ဆေးဝါးတွေ စားနပ်ရိက္ခာတွေ မရရှိဘူး။ ကျန်းမာရေးဆိုလည်း ဆေးဝါးတွေ မရတော့ စိန်ခေါ်မှုတွေ ဖြစ်လာတယ်။ ခက်တာက အလုပ်အကိုင်တွေလည်း လုပ်လို့မရဘူး။ သူတို့ဆီ အကူအညီတွေ မရောက်ဘူးဆိုတော့ စစ်ဘေးရှောင်တွေက ရုန်းကန်နေရတဲ့ အခြေအနေကို ရောက်နေတယ်” – ခုနစ်စဉ်ကြယ်အဖွဲ့ တာဝန်ရှိသူ

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်ဦးရေ ၇၇,၂၀၀ ဦးကျော်အထိရှိခဲ့တယ်လို့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ဘေးရှောင်ရတဲ့သူအရေအတွက်က လျော့ကျသွားတာမရှိဘဲ တဖြည်းဖြည်းတိုးနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေမှာ အချိန်ကြာလာတဲ့အမျှ အရေပြားရောဂါလိုမျိုး ကူးစက်ရောဂါတွေဖြစ်ပွားလာလို့ ကျန်းမာရေးအတွက် စိုးရိမ်မှုတွေ လည်း ထွက်ပေါ်နေတာပါ။ အဲဒီအချိန်မှာပဲ စစ်ကောင်စီက တနင်္သာရီတိုင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှာ ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်လာသူ ၁ သောင်းကျော်ကို တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိ ယာယီနဲ့ အမြဲတမ်း နေရပ်စွန့်ခွာနေရသူတွေရဲ့ အခြေအနေက ဘယ်လိုရှိနေပါသလဲ။ အရေပြားရောဂါလိုမျိုး ကျန်းမာရေးအခြေအနေတွေကရော ဘယ်လိုဖြစ်နေပါသလဲ။ စစ်ကောင်စီက ပေးမယ်လို့ ပြောထားတဲ့ ထောက်ပံ့ကြေး အခြေအနေကရော ဘယ်လိုရှိနေပါသလဲ။ အဲဒီမေးခွန်းတွေကို သိရနိုင်ဖို့ တနင်္သာရီအခြေစိုက် ခုနစ်စဉ်ကြယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – အရင်ဦးဆုံး လက်ရှိတနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေ ဘယ်လိုအခက်အခဲတွေနဲ့ အဓိက ကြုံတွေ့နေရတာရှိလဲ။

ဖြေ – လက်ရှိ တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင်တွေက ပိုမိုများပြားလာတဲ့ အခြေအနေမျိုးဖြစ်တယ်။ စစ်ကောင်စီက ဗုံးကြဲတာ မြေပြင်မှာ ထိုးစစ်ဆင်တာတွေ လူသားဒိုင်းလုပ်တဲ့ကိစ္စတွေကြောင့် စစ်ဘေးရှောင်တွေ ပိုမိုများပြားလာတယ်။

စားနပ်ရိက္ခာ၊ ဆေးဝါး အခက်အခဲနဲ့ အမိုးအကာ၊ အဆောက်အဦတွေဖြစ်တယ်။ တောထဲနေရတော့ ခြင်ထောင်လိုမျိုး ပစ္စည်းတွေ လိုအပ်နေတာပေါ့။

စစ်ဘေးရှောင်တွေက တောတောင်ထဲ စစ်ဘေးရှောင်နေရတော့ လူသားတံတိုင်းအဖြစ် လုပ်နေတော့ မူလနေထိုင်ရာကနေ တခြားနေရာကိုရွေ့တယ်။ အဲဒီနေရာအသစ်မှာလည်း တိုက်ပွဲဖြစ်တော့ ထပ်ပြီးရွေ့ပြောင်းနေရတဲ့ အခက်အခဲပေါ့။

ပိုပြီး အခြေအနေဆိုးလာတဲ့ အခြေအနေဖြစ်တယ်။ နောက်တစ်ခုက ၅ ရက်သို့ ၁၀ ရက် ရှောင်ရတဲ့အခြေအနေဖြစ်တော့ အခုဆို လနဲ့ချီ စစ်ဘေးရှောင်နေရတဲ့ အခြေအနေဆိုတော့ အရင်က ခဏ စစ်ဘေးရှောင်ရာကနေ အခု လနဲ့ချီ ပြောင်းရွေ့နေရတော့ ဆေးဝါးတွေ စားနပ်ရိက္ခာတွေ မရရှိဘူး။

ကျန်းမာရေးဆိုလည်း ဆေးဝါးတွေ မရတော့ စိန်ခေါ်မှုတွေ ဖြစ်လာတယ်။ ခက်တာက အလုပ်အကိုင်တွေလည်း လုပ်လို့မရဘူး။ သူတို့ဆီ အကူအညီတွေ မရောက်ဘူးဆိုတော့ စစ်ဘေးရှောင်တွေက ရုန်းကန်နေရတဲ့ အခြေအနေကို ရောက်နေတယ်။

မေး – လက်ရှိ တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေမှာဆိုရင် အရေပြားရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေရော ဘယ်လိုရှိလဲ ခင်ဗျာ။ ဘယ်အချိန်ကစပြီး လူဦးရေဘယ်လောက်မှာ ဖြစ်ပွားနေလဲ။

ဖြေ – အခု တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေမှာ စစ်ဘေးရှောင်တွေက အရေပြားရောဂါတွေ ဖြစ်နေတယ်။ ကျန်းမာရေးအဖွဲ့တွေရယ် စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ အဖွဲ့တွေရယ်နဲ့ ကုသတဲ့အပိုင်းကို လုပ်ပေးနေတယ်။

၂၀၂၄ ဒီဇင်ဘာလလယ်လောက်ကစပြီး ဖြစ်တယ်လို့ သိရတယ်။ ၃ လကျော်လောက်တော့ ဖြစ်နေပြီ။ လူဦးရေကတော့ ငါးထောင်ကျော်တော့ အရေပြားရောဂါကို ခံစားနေကြရတယ်။ ၂၀၂၅ နှစ်လအတွင်းမှာဆို အထူးသဖြင့် ဖေဖော်ဝါရီမှာ တိုးတက်မှုရှိနေတယ်။

မေး – လက်ရှိ ဖြစ်ပွားနေတဲ့ အရေပြားရောဂါနဲ့ ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရတာရှိလဲ။ အဲဒါတွေကို ဘယ်လို ဖြေရှင်းပေးနေလဲ။

ဖြေ – အရေပြားရောဂါနဲ့ ပက်သက်တဲ့ဆေးဝါးတွေ ရဖို့ အခက်အခဲရှိတယ်။ အရေပြားရောဂါ ခံစားနေရတာက စစ်ဘေးရှောင်တွေအပြင် ဒေသခံပြည်သူလူထုတွေ တော်လှန်ရေးကရဲဘော်တွေ ခံစားနေရတာ ဖြစ်တယ်။ အရေပြားရောဂါကို ကုသပေးဖို့အတွက်က အခြေအနေပေးမှုနည်းတယ်။

တိုက်ပွဲတွေဖြစ်တဲ့ အခါမျိုးဆိုရင် ဒီအရေပြားရောဂါကို ကုပေးဖို့ဆိုတာ စစ်ဘေးရှောင်တွေက နေရာအနှံ့မှာ ရောက်နေကြတော့ ကျွန်တော်တို့က ဒီဆေးဝါးတွေကို ရောက်အောင်ပို့ဖို့ အခက်အခဲရှိတယ်။

လက်ရှိမှာတော့ နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။ နောက်ဆုံးတာဝန်ရှိတဲ့ အစုအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။

မေး – ဒီအရေပြားရောဂါ ဖြစ်ပွားရတာဟာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ – အရေပြားရောဂါက အဓိကအချက်ကတော့ တစ်က တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာ၊ ရေကြောင့်ဖြစ်တာရယ် ပြောလို့ရတယ်။ ဒီရေသည် သန့်ရှင်းမှု မရှိဘူး။

ရေသန့်ရှင်းမှုအားနည်းမှုရယ် ရေကြောင့်ဖြစ်တာရယ် ကျွန်တော်တို့တွေ့ရှိရတယ်။ သုံးစွဲနေရတဲ့ ရေတွေကို ဓာတ်ခွဲခန်းမှာ တိတိကျကျ ပြောဖို့ခက်တယ်။ ဓာတ်ခွဲခန်းမှာ တကိုယ်ရည်သန့်ရှင်းမှု မရှိတာကြောင့်လို့ လောလောဆယ်မှာ တွေ့ရှိရတယ်။

မေး – စစ်ကောင်စီဘက်ကတော့ စစ်ဘေးရှောင်တစ်ဦးကို တစ်လလျှင် နှစ်သောင်းကျပ်နဲ့ တစ်နှစ်တိတိ စစ်ကောင်စီဘက်က တနင်္သာရီတိုင်းက စစ်ဘေးရှောင်တွေကို ထောက်ပံ့ကြေးပေးအပ်နေတယ်လို့ ပြောဆိုနေတဲ့ အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ တကယ်ရတယ်ဆို ကောင်းတယ်ပေါ့။ ကျွန်တော်တို့ တွေ့ထားတဲ့ လက်ရှိ တနင်္သာရီ စစ်ဘေးရှောင်တွေမှာ အုပ်စုနှစ်စု နှစ်မျိုးကွဲတယ်။ တိုက်ပွဲတွေ ဖြစ်တယ်။ စစ်ဘေးရှောင်ဖြစ်တယ်။

ငွေကြေးတတ်နိုင်တဲ့သူတွေက ဆွေမျိုးတွေရှိတဲ့ မြို့ပြတွေကို စစ်ဘေးရှောင်တာ ရှိတယ်။ စစ်ဘေးရှောင်တွေက သူတို့ကျေးရွာက ပတ်ဝန်းကျင်မှာ ရှောင်ပြေးရတဲ့ဟာမျိုးဖြစ်တယ်။

အထူးသဖြင့် နီးစပ်ရာကျေးရွာတွေမှာ ခိုလှုံရတယ်။ စာသင်ကျောင်း၊ တောတောင်တွေမှာ ခိုလှုံရတယ်။ စစ်ဘေးရှောင်တွေကို စစ်ကောင်စီက မြို့တော်ခန်းမမှာ ပိုက်ဆံခေါ်ပေးတယ်ဆိုတာ တကယ်ဒုက္ခခံရတဲ့ စစ်ဘေးရှောင်တွေ ဖြစ်လားဆိုတာ ဖြစ်တယ်ဆို စစ်ဘေးရှောင်တွေအတွက် ကောင်းတယ် ပြောလို့ရတယ်။

စစ်ကောင်စီကနေ တနင်္သာရီက စစ်ဘေးရှောင်တွေကို ထောက်ပံ့ကြေးပေးတာနဲ့ ပက်သက်ပြီး တကယ့်စစ်ဘေးရှောင်စစ်စစ်တွေ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေကို ပေးတယ်ဆိုရင် ဘာမှပြောစရာ မလိုဘူး။ မဟုတ်ဘူးဆိုရင် ဒီဟာသည် စကစက ဟန်ပြလုပ်တာ ဒီဟာကို အပြလုပ်ပြီး သူတို့ရဲ့ အကျိုးအမြတ်အတွက် ပြည်သူလူထုက သူတို့အပေါ် မြင်နေတဲ့ အမြင်ကို ပြောင်းလဲချင်လို့ နိုင်ငံရေးအရ အသုံးချချင်လို့ဆို ဒါက မလုပ်သင့်မလုပ်ထိုက်ဘူးလို့ ပြောချင်တယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.