ဆိုးလ်၊ မတ် ၈

စွပ်စွဲ ပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ရဲ့ ဖမ်းဝရမ်းကို ဖျက်သိမ်းဖို့ တရားရုံး တစ်ခုက မတ် ၇ ရက်မှာ အမိန့်ချလိုက်တာကြောင့် သမ္မတ အနေနဲ့ ပြန်လည် လွတ်မြောက်ရေး လမ်းပွင့် သွားခဲ့ပါတယ်။

ကနဦး ထိန်းသိမ်းထားတဲ့ ကာလ သတ်မှတ်ရက် ကျော်လွန်သွားပြီးနောက်မှ ထွက်ပေါ်လာတဲ့ စွပ်စွဲ ပြစ်တင်မှုအချိန်ကို အခြေခံပြီး မိမိတို့ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား ဗဟိုဒေသ တရားရုံးက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သီးခြား အေဂျင်စီ နှစ်ခု ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ် တရားဝင် ဖြစ်မှုနဲ့ ပတ်သက်လို့ မေးခွန်းတွေ ရှိနေတယ်လို့လည်း တရားရုံးက ပြောပါတယ်။

ရာထူးက ဆိုင်းငံ့ခံထားရတဲ့ သမ္မတရဲ့ ရှေ့နေတွေက သမ္မတကို ဖမ်းဆီးထားမှု ဖျက်သိမ်းရေး ပြီးခဲ့တဲ့လမှာ ဦးတိုက်လျှောက်ထားခဲ့ကြတာပါ။

သမ္မတ ယွန်ဟာ စစ်အုပ်ချုပ်ရေးဥပဒေ ခေတ္တ ကြေညာမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလအလယ်ပိုင်းက ပုန်ကန်မှု စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

တရားခံကို ထိန်းသိမ်းထားတဲ့ ကာလ သတ်မှတ်ချက် ရက်ကျော်လွန်သွားပြီးမှ စွပ်စွဲ ပြစ်တင်မှု ထွက်ပေါ်လာတာကြောင့် အခုလိုအတိုင်း ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ တရားရုံးက ပြောပါတယ်။

သမ္မတ ယွန်ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း တောင်ကိုရီးယား သတင်းဌာန Yonhap က စောစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ တရားဥပဒေ စိုးမိုးမှု အသက်ဝင်နေဆဲ ဖြစ်တယ်လို့ သမ္မတ ယွန်ရဲ့ တရားရေးအဖွဲ့က ပြောပါတယ်။

သမ္မတရဲ့ ဖမ်းဝရမ်းဖျက်သိမ်းလိုက်မှုကို အာဏာရ ပြည်သူ့အင်အား ပါတီက ကြိုဆိုကြောင်း Yonhap သတင်းမှာ ဖော်ပြထားပါတယ်။

အခုအချိန်မှာတော့ သမ္မတ ကို မူရင်းရာထူးနေရာမှာ ပြန်ခန့်မလား သူ့ရဲ့ ရာထူး သက်တမ်းကို တရားဝင် အဆုံးသတ်ပစ်ရမလား ဆိုတာကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ တရားရုံးက ဆုံးဖြတ်ပေးရတော့မှာ ဖြစ်ပါတယ်။

သမ္မတ အပေါ် စွပ်စွဲ ပြစ်တင်မှု ဆက်လုပ်ခဲ့မယ်ဆိုရင် ရာထူးက တရားဝင် ထုတ်ပယ်ခံရမှာ ဖြစ်ပြီး သူ့နေရာမှာ တခြား တစ်ယောက်နဲ့ အစားထိုးရေး နှစ်လအတွင်း ရွေးကောက်ပွဲ ကျင်းပရမှာ ဖြစ်ပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.