မော်စကို၊ မတ် ၇
ရုရှားအနေနဲ့ မိမိတို့ရဲ့ ရေရှည် လုံခြုံရေးကို အာမခံတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုမျိုးကိုပဲ ယူကရိန်းနဲ့ သဘောတူသွားမှာ ဖြစ်ပြီး မိမိတို့ လက်ရှိ သိမ်းပိုက်ထားတဲ့ နယ်မြေတွေက ပြန်လည် ဆုတ်ခွာပေးမှာ မဟုတ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က မတ် ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။
ပူတင်က ပြင်သစ်သမ္မတ မက်ကရွမ်ကို သွယ်ဝိုက် ထိုးနှက်မှုအဖြစ် အနောက်တိုင်း ခေါင်းဆောင်တွေအနေနဲ့ ရုရှား ပြည်သူတွေကို လျှော့မတွက်ဘဲ ၁၈၁၂ ခုနှစ်မှာ ရုရှားကို ကျူးကျော်ပြီး ပရမ်းပတာ ဖြစ်သွားခဲ့တဲ့ စစ်ဘုရင် နပိုလီယံအဖြစ်ကို အမှတ်ရသင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ရေရှည် အာမခံချက် ပေးမယ့် မိမိတို့နဲ့ သင့်တော်တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ပုံစံမျိုးကိုပဲ ရွေးချယ်ရမှာ ဖြစ်တဲ့အကြောင်း သမ္မတ ပူတင်က ယူကရိန်းမှာ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ ဆွေမျိုးတွေ အမျိုးသမီးတွေကို ပြောကြားခဲ့တာပါ။
ရုရှားအနေနဲ့ ယူကရိန်းကနေ ဆုတ်ခွာပေးမှာလားဆိုတဲ့ ကျဆုံး ရုရှား စစ်သား တစ်ဦးရဲ့ မိခင်ရဲ့ မေးခွန်းကို သမ္မတ ပူတင်က မိမိတို့အနေနဲ့ အဲဒီလို လုပ်ဆောင်ဖို့ မရည်ရွယ်ထားဘူးလို့ ပြန်ဖြေပါတယ်။
ရုရှားဟာ လက်ရှိမှာ ယူကရိန်း နယ်နိမိတ် ငါးပုံ တစ်ပုံ တစ်နည်း စတုရန်း ကီလိုမီတာ ၁၁၃၀၀၀ ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အိမ်ဖြူတော်မှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ အချင်းများခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ယူကရိန်း စစ်ပွဲဆိုင်ရာ အနောက်တိုင်းရဲ့ မူဝါဒကို ပြောင်းပြန်လှန်ပစ်ခဲ့သလို ရုရှားနဲ့ တိုက်ရိုက်ဆွေးနွေးပြီး ယူကရိန်းသို့ စစ်ရေး အကူအညီတွေကို ရပ်ပစ်ခဲ့ပါတယ်။
သမ္မတ ပူတင်က နယ်မြေတွေ ပြန်ပေးမယ့် အရေးကို စောစောကတည်းက ပယ်ချထားသလို ယူကရိန်း နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်ကိုလည်း လက်လွှတ်ရမယ်လို့ တောင်းဆိုထားပြီး ဖြစ်ပါတယ်။
ယူကရိန်းနဲ့ ပတ်သက်လို့ အမေရိကန်မူဝါဒကို သိသိသာသာ ပြောင်းလဲ လိုက်တာက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ အားကောင်းလာစေခဲ့သလို ဥရောပ မဟာမိတ်တွေကိုလည်း ယူကရိန်းနဲ့ တစ်သားတည်း ဖြစ်သွားစေခဲ့ပါတယ်။
Ref:Reuters