မော်လမြိုင်၊ မတ် ၇

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း ဒေသခံပြည်သူ ၆၄ ဦး ဖမ်းဆီးခံရပြီး ၁၅ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ မတ် ၆ ရက်နေ့ထုတ် လဂွန်းအိမ်စာစဉ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ စစ်မှုထမ်းအကြောင်းပြနဲ့ ဖမ်းဆီးခံရတာ၊ တော်လှန်ရေးအဖွဲ့တွေကိုထောက်ပို့လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အများဆုံးဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သေဆုံးသူတွေကတော့ တော်လှန်ရေးအဖွဲ့ဝင်တွေရဲ့ ရှင်းလင်းသတ်ဖြတ်မှု၊ စစ်ကောင်စီရဲ့ လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် တိုက်ပွဲလက်ကျန် မြေမြှုပ်မိုင်းကြောင့် သေဆုံးရမှုတွေလည်း ပါဝင်ပါတယ်။

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်း၊ဘာသာရေးအအဆောက်အဦးအပါအဝင် လူနေအိမ် ၅၀ ထက်မနည်း ပျက်စီးခဲ့ပါတယ်။

အဲဒီလထဲမှာတော့ ကျိုက်မရော၊ ကျိုက်ထို၊ ဘီးလင်းနဲ့ရေးမြို့နယ်တို့မှာ နှစ်ဖက်တိုက်ပွဲပေါင်း ၁၃ ကြိမ်ထိဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တာပါ။

မွန်ပြည်နယ် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒေသခံပြည်သူ ၈ ဦး သေဆုံးပြီး ၁၉ ဦးဒဏ်ရာရခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.