မင့်စ် မတ် ၇
မြန်မာနဲ့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ ဘယ်လာရုစ်က စိတ်ဝင်စားနေကြောင်း အဲဒီနိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။ ဘယ်လာရုစ် ဒုဝန်ကြီးချုပ် ယူရီ ရှူလဲကိုက စစ်ကောင်စီဥက္ကဌ မြန်မာဝန်ကြီးချုပ် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့အပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ထည့်သွင်းပြောဆိုထားတယ်လို့ ရေးပါတယ်။
ဘယ်လာရုစ် ဒုဝန်ကြီးချုပ်ရဲ့အဆိုအရ မတ် ၆ ရက်မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အစည်းအဝေးတော်တော်များများကို ပြုလုပ်ခဲ့တဲ့ အကြောင်း သိရပါတယ်။ ဘယ်လာရုစ်အနေနဲ့ နယ်ပယ်အားလုံးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ရည်မှန်းချက်တွေ ရှိနေပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ စီးပွားရေးရာ ဆက်ဆံရေးကို တိုးမြှင့်ဖို့ အလွန်စိတ်ဝင်စားနေတယ်လို့လည်း ဒုဝန်ကြီးချုပ်က ဆိုပါတယ်။
ဘယ်လာရုစ်ဟာ စက်ပစ္စည်းတွေနဲ့တည်ဆောက်ထားတဲ့ စိုက်ပျိုးရေးနိုင်ငံတစ်ခု ဖြစ်ပြီး အချင်းချင်းအပြန်အလှန် အသုံးပြုနိုင်မယ့် လယ်မြေစိုက်ကွင်း တော်တော်များများ ရှိနေတယ်လို့လည်း ဒုဝန်ကြီးချုပ်ဘက်က ပြောဆိုလာတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ မြန်မာ ပုဂ္ဂလိကကဏ္ဍဘက်က ကိုယ်စားလှယ်တွေနဲ့ ဘယ်လာရုစ်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို နို့ခဲဖော်မြူလာ တင်ပို့ဖို့ အပါအဝင် သဘောတူညီချက် တော်တော်များများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မွေးကင်းစကလေးငယ်တွေကစလို့ တိုက်ကျွေးလို့ရတဲ့ အဲဒီနို့ခဲခြောက် ပထမအသုတ်ကို မကြာခင် တင်ပို့နိုင်လိမ့်မယ်လို့လည်း ဘယ်လာရုစ်ဘက်က မျှော်လင့်နေတာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်ကတော့ နှစ်နိုင်ငံကြား စီးပွားရေးမှာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး ရှေ့တိုးလုပ်ဆောင်ဖို့ဟာ ဘယ်လာရုစ်ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ဆိုထားပါတယ်။
အခုလို နှစ်နိုင်ငံကြား အစည်းအဝေးပြီးတဲ့နောက် ဘယ်လာရုစ်-မြန်မာ စီးပွားရေးဖိုရမ်ကိုလည်း တစ်ရက်တည်း ပြုလုပ်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် တော်တော်များများကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီသဘောတူညီချက်တွေနဲ့ ဘယ်လာရုစ်နဲ့ မြန်မာတို့အကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်နိုင်လိမ့်မယ်လို့ နှစ်ဘက်ခေါင်းဆောင်တွေ မျှော်လင့်နေကြောင်းလည်း သတင်းမှာဖော်ပြထားပါတယ်။
Ref:belta