ဘီးလင်း၊ မတ် ၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိ ခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ လမ်းကင်းလုံခြုံရေးလာယူတဲ့ အင်အား ၄၀ ပါ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ကြား အချိန်တစ်နာရီခွဲအကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သလို တော် လှန်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော်တစ်ဦးကျဆုံးကာ နှစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း အချိန် နှစ်နာရီကျော်ကြာ ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး နေ့လယ် ၂ နာရီလောက်မှာ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီဘက်က ကျေးရွာခုနှစ်ရွာလောက်မှာ တပ်ဖြန့်ထားပြီး ဘီးလင်း – တောင်စွန်းလမ်းပိုင်းမှာလည်း ကင်းပုန်းဝပ်တာနဲ့ ရှောင်တ ခင် စစ်ဆေးတာတွေ လုပ်ဆောင်နေရတာပါ။

တဖက်မှာလည်း စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဘီးလင်းအ‌ခြေစိုက် တပ်ရင်းတွေမှာ တင့်ကားတွေ၊ လက်နက်ကြီး ဟောင်ဝှစ်ဇာတွေပါ တပ်ဆင်ထားသလို တပ်ရင်းတစ်ရင်းလျှင် အင်အားရာနဲ့ချီ ဖြည့်တင်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.