Russia's President Vladimir Putin embraces Myanmar's military chief Senior General Min Aung Hlaing during their meeting in Moscow, Russia, March 4, 2025. Pavel Bednyakov/Pool via REUTERS

နေပြည်တော် ၊ မတ် ၇

စစ်ကောင်စီနဲ့ ရုရှားတို့ကြား သဘောတူညီချက်အရ တနင်္သာရီတိုင်းထဲက ထားဝယ်အထူးစီးပွား ရေးဇုန်စီမံကိန်းဟာ တောင်ပိုင်းက တော်လှန်ရေးအဖွဲ့တွေအပေါ် သက်ရောက်လာနိုင်တယ်လို့ လေ့ လာသူတွေက သုံးသပ်ကြပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုအတွက် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကာကွယ်ရေးကဏ္ဍတွေအားလုံး မြှင့်တင်သွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။အဲဒီအတွက် အကျိုးတူကဏ္ဍစုံ သဘောတူလက်မှတ် ၁၀ ခု ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မဟာဗျူဟာကျတဲ့ ပင်လယ်ထွက်ပေါက်အဖြစ် ထားဝယ်အထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင်နိုင်‌ရေး ရုရှားနိုင်ငံနဲ့ ပူးပေါင်းမှုကို ခြေလှမ်းသစ်စတင်နိုင်ခဲ့တဲ့အတွက် အားရတယ်လို့ မတ် ၅ ရက်နေ့က မော်စကိုမြို့မှာ ပြုလုပ်တဲ့ မြန်မာ-ရုရှား စီးပွားရေးဖိုရမ်မှာ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဖိုရမ်ရဲ့ ရလဒ်တစ်ခုအနေနဲ့ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနဲ့အကာအကွယ်ပေးရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနတွေရဲ့ ဆွေးနွေးညှိနှိုင်းခြင်းကြောင့် မကြာမီရေးထိုးနိုင်မယ်လို့ ဆိုပါတယ်။

ဒါဟာ မြန်မာနိုင်ငံအတွင်း ရုရှားရဲ့ မဟာဗျူဟာကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးနိုင်ရေး ပုဂ္ဂလိကလုံခြုံရေးဥပဒေကို အသုံးချကာ ကုမ္ပဏီအမည်ခံတဲ့ ကြေးစားတပ်ဖွဲ့တွေ ပြည်တွင်းထဲ ဝင်ရောက်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။

တောင်ပိုင်းအခြေစိုက် ရာမညစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းက ရုရှားရဲ့ Wagner ကြေးစားတပ်တွေ လုံခြုံရေးဝန်ထမ်းအဖြစ် ပြည်တွင်းထဲဝင်လာရင် စစ်ကောင်စီကို စစ်ရေးအကူအညီတွေ ပေးလာနိုင်တယ်လို့ ပြောပါတယ်။

“အဲဒီလို ဝင်ရောက်လာရင် ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေအပေါ် သက်ရောက်မှုတွေ အများကြီး ရှိလာနိုင်ပါတယ်။ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းအဖြစ် ဝင်လာတဲ့ ရုရှားကြေးစားတပ်တွေက ရုရှားရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းတွေရဲ့ လုံခြုံရေးကို အဓိကအကာကွယ်ပေးဖို့ ဆိုပေမယ့် စီးပွားရေးဇုန်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေဖြစ်ကြတဲ့ တနင်္သာရီနဲ့ မွန်ပြည်ဒေသတစ်ခုလုံးရဲ့ လုံခြုံ ရေး။ဒီဒေသတွေ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုအောက် မရောက်ရှိရေးအတွက် စကစတပ်တွေနဲ့ သတင်းဖလှယ်မှုတွေ သတင်းထောက်လှမ်းမှုတွေ စစ်ရေးအရ အကူအညီပေးမှုတွေလည်း ရှိလာနိုင်မှာပါ” လို့ ဆိုပါတယ်။

တောင်ပိုင်းဒေသဖြစ်တဲ့ မွန်၊ ကရင်၊ တနင်္သာရီတို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ဒေ သဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ‌ဒေသတွေမှာ စစ်ကောင်စီရဲ့တပ်စခန်းဌာနချုပ်တွေအပါအဝင် နယ်မြေစိုးမိုးမှုတွေကိုတော့ လျော့ကျလာအောင် ဒီကနေ့အထိ စစ်ရေးအရ ခြိမ်းခြောက်တိုက်ခိုက်လာနိုင်စွမ်း မရှိသေးပါဘူး။

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတည်ဆောက်ခြင်းအပါအဝင် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ စာချုပ်စာတမ်း ၉ ခုကို စစ်ကောင်စီနဲ့ ရုရှားတို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရန်ကုန်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။

ဒီမတိုင်ခင် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံခြားကုမ္ပဏီတွေရော ပြည်တွင်းကုမ္ပဏီတွေပါ လိုအပ်ရင် လက်နက်ကိုင်ဆောင်နိုင်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို ပြ ဌာန်းခဲ့တာဖြစ်ပါတယ်။

ဥပဒေအရ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကို နိုင်ငံရဲ့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းနိုင်ဖို့ ရည်ရွယ်ထားတာကြောင့် လုပ်ငန်းစဉ်အတွင်း နိုင်ငံ့လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ သတင်းရရင် အနီးရှိရဲစခန်းသို့ သတင်းပေးပို့ရမှာပါ။

ဒါ့အပြင် နိုင်ငံခြားကုမ္ပဏီဖြစ်ရင် လုံခြုံ‌ရေးဝန်ထမ်း ခန့်ထားရာမှာမြန်မာနိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်းပါဝင်ရမယ်လို့ ပြဌာန်းထားပေမယ့် အရေအတွက်ကိုတော့ သတ်မှတ်ကန့်သတ်ထားတာ မတွေ့ရပါဘူး။

ဒီအတွက်ကြောင့် ပြည်တွင်းရှိ စစ်ကောင်စီတပ်သားဟောင်းတွေ ပြည်သူ့စစ်တွေလည်း ပါဝင်လာနိုင်သလို နိုင်ငံခြားစစ်သားတွေလည်း ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတွေအဖြစ် ဝင်လာရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ အရှေ့တောင်အာရှမှာ အရေးကြီးတဲ့ စီးပွားရေးအရ အခြေခံ‌ကောင်းမွန်လာမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းအပြင် ၁၁၀ မီဂါဝပ်အားရှိတဲ့ နျူကလီယားဓာတ်အားပေးစက်ရုံကိုလည်း ရုရှားအကူအညီနဲ့ မြန်မာနိုင်ငံမှာ တည်ဆောက်သွားဖို့ သဘောတူထားတာပါ။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က လက်ရှိအခြေအနေမှာ နျူကလီးယားစက်ရုံတည် ဆောက်ဖို့ မဖြစ်နိုင်သလို ထားဝယ်ရေနက်ဆိပ်ကမ်းကို အကြောင်းပြပြီး ရုရှားစစ်တပ်ကို ခေါ်လာမယ်ဆိုရင် တရုတ်က ကြည့်နေမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“သူ့နေပြည်တော်တောင် မကျအောင် လုပ်နေရတာ နျူကလီးယားဆောက်ဖို့ဆိုတာ စိတ်ကူးယဉ်အဆင့်ပဲရှိမှာပါ။ ထားဝယ်ဆိပ်ကမ်းနဲ့ပတ်သက်တဲ့ဟာတော့ သူတို့က နှစ် ၅၀ တောင် စာချုပ်ချုပ်ပေးမလို့တဲ့ ကြားလာတယ်၊ ဟုတ်မဟုတ်တော့ မသိသေးဘူး။ Comfirm မဖြစ်ဘူး။တရုတ်တောင်မှပဲ နှစ် ၃၀ ပဲ ချုပ်တာလေ ကျောက်ဖြူမှာ။ အဲဒီတော့ သူက ရေတပ်စခန်းတည်ဆောက်မယ်ဆိုရင်တော့ အရှေ့တောင်အာရှမှာ သူ့ရဲ့ ပါဝါကို ဖြန့်ချင်တာပေါ့။ တရုတ်ကို Balance of Power လုပ်တာပဲ။ အဲဒီတော့ တရုတ်ကလည်းပဲ အဲဒီလို ရွာလည်ရွာတိုက်ပြီးတော့ အင်အားကြီးနိုင်ငံတခုကို ခေါ်လာတယ်ဆိုရင် တရုတ်ကလည်း သူ့ကို (စကစ/မအလ) ပညာပေးမှာပါ။ ဒီအတိုင်းတော့ ကြည့်နေမယ် မထင်ဘူး” လို့ ဆိုပါတယ်။

နျူကလီယားဓာတ်အားပေးစက်ရုံနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက ဘယ်နေရာမှာ တည်ဆောက်သွားမယ်ဆိုတာ နှစ်နိုင်ငံအသိပေးပြောထားတာမရှိသလို ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ပတ်သက်ပြီးတော့လည်း အသေးစိတ်ထုတ်ပြန်ထားတာ မရှိပါဘူး။

ထားဝယ်ရေနက်ဆိပ်ကမ်းဟာ နိုင်ငံ့မြေပုံရဲ့ အောက်ပိုင်းမှာရှိတဲ့အတွက် အဲဒီကနေ ဆက်စပ်တဲ့ မလက္ကာရေလက်ကြားဟာ တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာနှစ်ခု ဆက်ပေးထားတာဖြစ်လို့ အ‌ရေးပါကြောင်း စစ်ကောင်စီက ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ တရုတ်၊အိန္ဒိယနဲ့ လူဦးရေများပြားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ရုရှားရဲ့ ထုတ်ကုန်တွေအပေါ် ဈေးကွက်ရှာဖို့ မုချအကျိုးရှိလိမ့်မယ်လို့ ဖိုရမ်မှာ စစ်ခေါင်းဆောင်က ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေကို စည်းရုံးထားတာပါ။

ဒါကြောင့် ရုရှားရဲ့ ကြွယ်ဝမှုနဲ့ နည်းပညာတွေကို အာရှဒေသမှာ လာရောက်ဖြန့်ကျက်ဆောင်ရွက်စေလိုတဲ့အတွက် မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာနယ်ပယ်ပေါင်းစုံ လာရောက်ရင်းနှီးမြှုပ်နှံဖို့ကိုလည်း ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI/CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.