မော်လမြိုင်၊ မတ် ၇
နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၆၆ ဦးသေဆုံးခဲ့ပြီး ၆၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ BWU က မတ် ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၅ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၁ ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၂ ဦး၊ ထောင်တွင်းဆေးကုသမှု မရရှိတာကြောင့် ၁ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် ၇ ဦး သေဆုံးခဲ့တယ်လို ဖော်ပြထားပါတယ်။
အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁၃ ဦး ပါဝင်ပြီး အမျိုးသမီး ၆၈ ဦးကလည်း စစ်ကောင်စီလက်ချက်ကြောင့် ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့တယ်လို့ BWU က ဆိုပါတယ်။
BWU ရဲ့ ကောက်ယူထားတဲ့ အချက်အလက်တွေအရ သေဆုံးခဲ့တဲ့ အမျိုးသမီးအရေအတွက်ဟာ စစ်ကိုင်းတိုင်းမှာ ၂၁ ဦး၊ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်းတို့မှ ၉ ဦး၊ မန္တလေးတိုင်းမှ ၈ ဦးနဲ့ အများဆုံးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီအချက်အလက်တွေဟာ တိကျခိုင်လုံတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေရဲ့ BWU က ကောက်ယူထားတဲ့ အချက်အလက်တွေကို စုစည်းထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်မက ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းကလည်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့တယ်လို့ BWU က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ