မော်လမြိုင် ၊ မတ် ၈

ထိုင်း-မြန်မာနယ်စပ်ကတဆင့် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေရဲ့ ပိတ်ဆို့ဖမ်းဆီးမှုကြောင့် ထိုင်းကုန်ပစ္စည်းဝင်ရောက်မှု ရပ်တန့်သွားပြီလို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ညွှန်ကြားချက်ကြောင့် ထိုင်းကုန်ပစ္စည်းတွေကို မတ်လဆန်းပိုင်းကစပြီး ကရင်ပြည်နယ် ဘားအံမြို့အထွက်နဲ့ လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာ စစ် ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့က ပိတ်ဆို့ဖမ်းဆီးနေတာပါ။

နယ်စပ်ကုန်သည်တွေရဲ့ အဆိုအရ မတ်လ ၅ ရက်နေ့ကနေ မတ်လ ၇ ရက်နေ့အထိ ထိုင်းကုန် ပစ္စည်း တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် အစီးရေ ၇၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထိုင်းကုန်ပစ္စည်းတွေဟာ ပြည်သူတွေ နေ့စဉ်အသုံးပြုနေရတဲ့ အခြေခံစားသောက်ကုန်အပါအဝင် ဆေးဝါးနဲ့ လူသုံးကုန်တွေ အများဆုံးပါဝင်ပါတယ်။

နယ်စပ်ကုန်သည်တစ်ဦးက စစ်ကောင်စီရဲ့ ပိတ်ဆို့ဖမ်းဆီးမှုကြောင့် ထိုင်းကုန်ပစ္စည်းဈေးနှုန်း အဆ မတန် မြင့်တက်လာတဲ့ဒဏ်ကို ပြည်သူတွေ ထပ်မံခံစားရနိုင်ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်တွေလည်း ပျောက်ကွယ်သွားနိုင်တယ်လို့ ပြောပါတယ်။

“အဓိကဖမ်းလို့ရှိရင် ဘယ်သူတွေ နစ်နာမလဲဆိုတော့ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင် အသေးစားလေးတွေ နစ်နာမယ်။ ပြီးရင်ကုန်ဈေးနှုန်း တိုးတက်ပြီးတော့ မြင့်သွားမယ်။ ပြီးရင်ထိုင်းပစ္စည်းတွေ မရှိသလောက် ဖြစ်ပြီးတော့ ပြည်တွင်းဖြစ်နောက်ဆုံး ဆန်မှုန့်ပဲသုံးရမယ့် အနေအထားရှိတယ်။ ပြည် တွင်းဖြစ် ငါးသေတ္တာနဲ့ ဆန်မှုန့်နဲ့ အရင်ခေတ်ကလို ပြန်သုံးရမယ်။ တကယ့်လုပ်ငန်းရှင်အကြီးကြီးတွေပဲ ကောင်းစားပြီးတော့ သာမန်လက်လုပ်လက်စားဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင် အငယ်လေးတွေ ပျောက်သွားမှာပေါ့” လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ထိုင်းကုန်ပစ္စည်းတွေကို အကြီးအကျယ် ဖမ်းဆီးနေတဲ့အတွက် ကုန်သည်တ ချို့ ထိုင်းကုန်ပစ္စည်းတင်သွင်းမှု ယာယီရပ်နားထားရပြီး ဖမ်းဆီးမှုကာလရှည်လာတာနဲ့အမျှ ကုန် ပစ္စည်း ပြတ်လပ်ကာ ဈေးနှုန်းအဆမတန် မြင့်တက်လာနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက သုံး သပ်ပါတယ်။

စစ်ကောင်စီရဲ့ တရားဝင်ထုတ်ထားပြန်ချက်အရ မတ်လ ၁ ရက်နေ့မှာ ဘားအံမြို့ရှိ လုပ်ငန်းသုံးပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင် ၂ ခုကို ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က ဝင်ရောက်စစ်ဆေးရာမှာ တရားဝင်စာရွက်စာတမ်း အထောက်အထားမပြနိုင်တဲ့ တန်ဖိုး ကျပ်သိန်း ၅၀၀၀ နီးပါရှိတဲ့ လုပ်ငန်းသုံးပစ္စည်းတွေကို သိမ်းဆည်းအရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘားအံမြို့ ရဲသာယာယီ ယာဉ်စစ်ကွင်းမှာလည်း မတ်လ ၁ ရက်နေ့က အထောက်အထားမရှိတဲ့ ကျပ်သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိတဲ့ လုပ်ငန်းသုံးပစ္စည်းတွေနဲ့ ယာဉ်တွေကို သိမ်းဆည်းအရေး ယူဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

တရားမဝင် ထိုင်းကုန်ပစ္စည်းတွေနဲ့ ကုန်တင်ယာဉ်တွေဖမ်းဆီးမှုကို စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ဦးဆောင်တာဖြစ်ပြီး ဖမ်းဆီးရရှိထားတဲ့ ကုန်စည်ပစ္စည်းတွေနဲ့ ယာဉ်အစီးရေရာချီကို ဘားအံမြို့က သီရိကွင်းမှာ ထားရှိထားပါတယ်။

မြန်မာနိုင်ငံဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကတဆင့် အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အ လှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းအပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းတွေကို အဓိက အားထား အသုံးပြုနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.