ကမမောင်း၊ မတ် ၆
ကရင်ပြည်နယ် ကမမောင်းမြို့ ကမမောင်း-ကတိုင်တိကားလမ်းပိုင်းရှိ ကျောက်ကွင်းရွာထဲကို တိုက် ပွဲမရှိဘဲ စစ်ကောင်စီတပ် လေယာဉ်နဲ့ လာရောက်ဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မတ် ၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ ကမမောင်းမြို့နဲ့ ကတိုင်တိဒေသကြားက ကျောက်ကွင်းကျေးရွာထဲကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲပစ်ခတ်ခဲ့ရာ ကျောင်းဆောင်အဆောက်အဦ ထိခိုက်ပျက်စီးသွားခဲ့ပြီး ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားခဲ့တယ်လို့ ဒေ သတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းတိုက်အတွင်းရှိ ရဟန်းတစ်ပါးနဲ့ ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကာ ကမမောင်းမြို့ကနေတစ်ဆင့် ဘားအံဆေးရုံကို ပို့ဆောင်လိုက်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေကနေ့စဉ်လိုလိုလာရောက် ပစ်ခတ်နေပြီး ကျောက်ကွင်းရွာဟာ ကမမောင်းမြို့မှ ၉ မိုင်ခန့်အကွာ ကမမောင်းမြို့နဲ့ ကတိုင်တိကျေးရွာအကြားမှာရှိတဲ့ ကျေးရွာတစ်ရွာဖြစ်တယ်လို့ ဖာပွန်ခရိုင် တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ် မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
မတ်လအစောပိုင်းက ကမမောင်းမြို့ကနေ ကတိုင်တိဒေသဘက်ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့ပြီး ကမမောင်းမြို့ထဲကို ပြန်လည်ဆုတ်ခွာသွားခဲ့ရာ အခုထက်ထိ ထပ်တက်မလာသေးဘူးလို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ ကမမောင်းမြို့ဗျူဟာစခန်း မတိုက်ခိုက်ခံရဖို့အတွက် ပြီးခဲ့တဲ့ ဖေ ဖော်ဝါရီလ တတိယအပတ်လောက်ကစပြီး ကမမောင်းမြို့အနီးဝန်းကျင်တဝိုက်က ကျေးရွာတွေအပေါ် လေကြောင်းဗုံးကြဲတာတွေ လက်နက်ကြီးပစ်ခတ်တာတွေ နေ့စဉ်ဆိုသလို လုပ်ဆောင်လျက်ရှိရာ ဘာသာရေးအဆောက်အဦနဲ့ နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံပြည်သူတွေဟာ ကမမောင်းမြို့အနီးက မြိုင်ကြီးငူဒေသထဲကို ထွက်ပြေးခိုလှုံရောက်ရှိလာပြီး ဒီကနေ့အချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG