ဝါရှင်တန်၊ မတ် ၆
သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကုန်သွယ်ရေး အခွန် တိုးမြှင့်ကောက်ခံမှုတွေကို လက်တုံ့ပြန်ပြီးနောက် တရုတ်က အမေရိကန်နဲ့ ဘယ်လို စစ်ပွဲမျိုးကိုမဆို တိုက်ခိုက်ဖို့ အသင့်ရှိတယ်လို့ သတိပေးလိုက်ပါတယ်။
တရုတ် ကုန်ပစ္စည်း အားလုံးအပေါ် သမ္မတ ထရန့်က နောက်ထပ် အခွန်တွေ တိုးမြှင့်လိုက်ပြီးနောက် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး နှစ်နိုင်ငံဟာ ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွားဖို့ ပိုပြီး နီးစပ်လာခဲ့ပါတယ်။

အမေရိကန် စိုက်ပျိုးရေးလုပ်ငန်း ထုတ်ကုန်တွေကို အခွန် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ကောက်ခံမှာ ဖြစ်ကြောင်း တရုတ်က အလျင်အမြန် ကြေညာခဲ့တာပါ။
အမေရိကန် အလိုရှိတာက စစ်ပွဲဆိုရင် အခွန်စစ်ပွဲ ဖြစ်စေ၊ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်စေ၊ ဘယ်လို စစ်ပွဲ အမျိုးအစားပဲ ဖြစ်ပါစေ ကျွန်တော်တို့ အဆုံးထိ တိုက်ခိုက်သွားဖို့ အဆင်သင့်ပါပဲလို့ တရုတ် သံရုံးက လူမှုမီဒီယာ X ပေါ်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။
တရုတ် ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်ဖို့ ဘေဂျင်းမှာ ခေါင်းဆောင်တွေ စုဝေးနေချိန် အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပြီး ထရန့် သမ္မတ ဖြစ်လာပြီး နောက်ပိုင်း ဘေဂျင်းရဲ့ အပြင်းထန်ဆုံး လေလုံးထွား ပြောဆိုမှုလည်း ဖြစ်ပါတယ်။

တရုတ်ဝန်ကြီးချုပ် လီကီကျန်းက ကမ္ဘာမှာ ရာစုနှစ်တစ်ခု အတွင်း မမြင်ခဲ့ဖူးတဲ့ အပြောင်းအလဲတွေ အရမ်း လျင်မြန်တဲ့နှုန်းနဲ့ ဖြစ်ပွားနေပြီး ယခုနှစ် တရုတ် ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒဿမ ၂ ရာခိုင်နှုန်း အထိ တိုးမြှင့် သုံးစွဲသွားမှာ ဖြစ်တယ်လို့ မတ် ၅ ရက်မှာ ပြောကြားထားပါတယ်။
တရုတ်က အမေရိကန်နဲ့ ပြောင်းပြန်အဖြစ် တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံအဖြစ် ပုံဖော်ဖို့ ကြိုးပမ်းနေပြီး ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နိုင်တဲ့ အန္တရာယ်ရှိပေမယ့် သူတို့နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးနိုင်တယ်လို့ ပြည်သူတွေ ယုံကြည်လာစေဖို့ ခေါင်းဆောင်တွေက ကြိုးပမ်းနေပါတယ်။
အမေရိကန်သို့ ဖန်တနိုင်း မူးယစ်ဆေးဝါးများ ဝင်ရောက်နေမှုကို တားဆီးရေး တရုတ်က လုံလောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ မရှိဆိုပြီး တရုတ်အပေါ် အခွန် တိုးကောက်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်ကို အခုလို ရန်စမှုတွေ၊ အကြပ်ကိုင်မှုတွေ ပြုလုပ်နေပေမယ့် မိမိတို့ ကြောက်နေမှာ မဟုတ်သလို အဲဒီနည်းလမ်းတွေ အဆင်ပြေမှာလည်း မဟုတ်ဘူးလို့ ဝန်ကြီးချုပ် လီကီကျန်းက ပြောပါတယ်။
တရုတ်က အမေရိကန်နဲ့ စစ်ပွဲ ဆင်နွှဲဖို့ အဆင်သင့်ပဲလို့ ဆိုပေမယ့် တရုတ်မှာ အလုပ်လက်မဲ့နှုန်း မြင့်တက်နေသလို အိမ်ခြံမြေ ပြဿနာလည်း ကြုံနေရပြီး စားသုံးမှုလည်း လျော့နည်းနေတာကြောင့် အမှန်တကယ် စစ်ပွဲ ဆင်နွှဲချင်တာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။
Ref:BBC