ဆိုးလ်၊ မတ် ၆

လေ့ကျင့်ရေး အစီအစဉ်အတွင်း မိမိတို့ရဲ့ တိုက်လေယာဉ်တွေထဲက တစ်စီးက နေရာမှားပြီး ဗုံး ၈ လုံး မတော်တဆ ကြဲချမိခဲ့တာကြောင့် အရပ်သား ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယား လေတပ်က မတ် ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

လေတပ်ရဲ့ KF-16 တိုက်လေယာဉ် တစ်စီးက အထွေထွေသုံး MK-82 ဗုံး ၈ လုံးကို ပုံမှန်မဟုတ်ဘဲ သတ်မှတ်ထားတဲ့ ပစ်ကွင်း ပြင်ပသို့ ကြဲချမိခဲ့တယ်လို့ တောင်ကိုရီးယား လေတပ်က ပြောဆိုထားတာပါ။

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားရဲ့တောင်ဖက်နယ်စပ် ၂၅ ကီလိုမီတာအကွာ ပိုချီယွန်မြို့အနီးမှာ ဒေသစံတော်ချိန် မနက် ၁၀ နာရီက အခုလိုဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မရည်ရွယ်ဘဲ ဗုံးတွေ ကြဲချမိခဲ့လို့ အရပ်သားတွေ ထိခိုက်ခဲ့ရတဲ့ အတွက် မိမိတို့ စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ဒဏ်ရာရသူတွေ အလျင်အမြန် ပြန်လည်သက်သာလာစေဖို့ မျှော်လင့်ကြောင်း လေတပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်ကို ကော်မတီဖွဲ့လို့ စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပြီး ထိခိုက်နစ်နာမှုတွေအတွက် လျော်ကြေးပေးတာ အပါအဝင် လိုအပ်တာ အားလုံး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

လေတပ်နဲ့စစ်တပ် ပူးပေါင်းပြီး လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ချိန်မှာ တိုက်လေယာဉ် တစ်စီးက အခုလိုမျိုး ဗုံး ၈ လုံး အထိ မှားယွင်း ကြဲချခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ အမေရိကန်နဲ့ပူးပေါင်းပြီး ပိုချီယွန်မြို့မှာ လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ မတ် ၆ ရက်မှာ စတင်ခဲ့တယ်လို့ Yonhap သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်ကြောင့် လူတွေ ထိခိုက်မှု ရှိသလို အဆောက်အဦတချို့လည်း ပျက်စီးသွားခဲ့ပြီး ဒေသခံ တော်တော်များများ ထွက်ပြေးခဲ့ရပါတယ်။

ဒဏ်ရာရသူ ၁၅ ဦး ရှိပြီး အဲဒီအထဲက ၂ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

ဘုရားကျောင်း တစ်ကျောင်းနဲ့ အိမ်နှစ်လုံး တစ်စိတ်တစ်ပိုင်း ပျက်စီး သွားခဲ့တယ်လို့ တောင်ကိုရီးယားလေတပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.