တနင်္သာရီ၊ မတ် ၆

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီရဲ့ ဇဝဲကျေးရွာအခြေစိုက် တပ်စခန်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းအတူ အလင်းဝင်လာခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက မတ် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဇဝဲကျေးရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦးဟာ တနင်္သာရီမြို့အတွင်း လုံခြုံရေးတာဝန် ဆောင်ရွက်နေချိန် လက်နက်ခဲယမ်းတွေနဲ့အတူ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှာ အလင်းဝင်ရောက်လာခဲ့တာပါ။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ တပ်သား မောင်ဝေလင်းထွန်း ကိုယ်ပိုင်အမှတ် တ- ၅၇၄၃၁၅ ဖြစ်ပြီး MA2 သေနတ်တစ်လက်၊ ကျည်တောင့် ၂၀၊ ကျည်ဘောင့်တစ်ခုနဲ့အတူ အလင်း ဝင်လာခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ တပ်သားမောင်ဝေလင်းထွန်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်ခဲယမ်းတွေ ယူဆောင်လာတာကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၆၀ ပေး အပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်သားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၄ ရက်နေ့က အလင်းဝင်ရောက်လာခဲ့တာဖြစ်ပြီး လုံခြုံရေးအခြေအနေကြောင့် အခုမှထုတ်ပြန်ရတာဖြစ်တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တနင်္သာရီမြို့နယ် ပကဖ အနေဖြင့် CDM အလင်းဝင်ရောက်လာသူတွေနဲ့ စစ်မှုထမ်း အမိန့်ကြေ ညာချက်ကြောင့် စစ်သားစုဆောင်းခံရသူတွေအပါအဝင် ပြည်သူဘက်ရပ်တည်လိုတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်နိုင်တယ်လို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲ တစ်သောင်းခွဲနီးပါး ရှိတယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – တနင်္သာရီ ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.