မော်လမြိုင် ၊ မတ် ၆

မွန်ပြည်နယ်မှာ အုပ်ချုပ်ရေးမှူးတွေ မကြာခဏဆိုသလို ရှင်းလင်းခံနေရချိန် လစ်လပ်နေတဲ့ ရပ် ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနေရာအပြင် စာရေးဝန်ထမ်းနေရာတွေကိုပါ အမြန်ခန့်ဖို့ စစ်ကောင် စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ညွှန်ကြားလာပါတယ်။

မတ်လ ၄ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် အစိုးရရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ သူ့ရဲ့ လက်အောက်ခံ ဌာနဆိုင်ရာတွေကို ညွှန်ကြားလိုက်တာပါ။

လစ်လပ်နေတဲ့ အုပ်ချုပ်ရေးမှူးနေရာနဲ့ စာရေးဝန်ထမ်းနေရာတွေကို အမြန်ခန့်ခိုင်းတာဟာ မွန်ပြည် နယ်အတွင်းရှိ အသက် ၁၈ နှစ်နဲ့အထက် အတည်ပြုလူဦးရေစာရင်း မှန်ကန်စေဖို့ ပြန်လည်စစ်ဆေးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီခန့် ဝန်ကြီးချုပ်ကလစ်လပ် အုပ်ချုပ်ရေးမှူးတွေ အမြန်ခန့်ခိုင်းပေမယ့် ပြီးခဲ့တဲ့ ဖေဖော် ဝါရီ ၂၆ ရက်နေ့မှာ ပေါင်မြို့နယ် ညောင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနဲ့ ဇနီး ပစ်ခတ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးဖြစ်သူ သေဆုံးခဲ့တာပါ။

အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးကတော့ လက်ရှိကာလဟာ နှစ်ဖက် ဖြစ်နေတာကြောင့် စစ်ကောင်စီကို ထောက်ခံသူတွေအနေနဲ့ အုပ်ချုပ်ရေးမှူးအဖြစ် လုပ်နိုင်ပြီး မြို့ပေါ် ရပ်ကွက်တွေမှာသာ အဆင်ပြေမှု ရှိနိုင်ပေမယ့် နယ်တွေမှာတော့ အဆင်ပြေမှုမရှိနိုင်ဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ရှိတဲ့အချိန်နဲ့ အခုနဲ့က တော်တော်လေးကွာဟသွားပြီ။ အခုကပြောရလို့ ရှိရင်တော့ နှစ်ဖက်ဖြစ်နေတယ်။ နှစ်ဖက်ဖြစ်နေတော့ ဒီဘက်ကိုထောက်ခံတဲ့ လူတွေအနေနဲ့ကတော့ သူတို့ လုပ်တာက အခက်အခဲမရှိဘူးပေါ့ဗျာ။ သူတို့လုပ်ချင်လည်း လုပ်မှာပေါ့ဗျာ။ ဟိုဘက်တစ်ဆိုဒ် ကျတော့လည်းပဲ သူတို့ကတော့ အနားကို သူတို့ မလာကြတော့ဘူးပေါ့နော်။ အဲဒီ သဘောတော့ ရှိပါတယ်၊ ချွင်းချက် အနေနဲ့ ပေါ့နော်။ ကျွန်တော်တို့ မြို့က အဆင်ပြေတဲ့သဘော ရှိပါတယ်။ နယ်တွေ ဘာတွေကျတော့လည်းပဲ သိပ်စိတ်မချရဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေအရ အရင်လိုအေးချမ်းနေတာ မဟုတ်တဲ့အတွက် အုပ်ချုပ်ရေးမှူး လုပ်ပါက လုံခြုံရေးအရ စိတ်မချရတဲ့အပြင် အသက်အန္တရာယ်တွေကအစ စိုးရိမ်ရတာကြောင့် တော်ယုံလုပ်ရဲကြမှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး အများစုဟာ စစ်တပ်ထောက်ခံသူတွေ၊ ဘာသာရေးအစွန်းရောက် မဘသအဖွဲ့ဝင်တွေအပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီဝင်တွေ အများစု ပါဝင်လာတာ ဖြစ်ပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက လုပ်ပိုင်ခွင့်အပြည့်အဝ ပေးထားတဲ့အတွက် ရပ်ကွက်နဲ့ ကျေးရွာအတွင်းက ပြည်သူတွေကို ဧည့်စာရင်း အကြောင်းပြ ငွေတောင်းခံတာ၊ ထောက်ခံစာ လုပ်တဲ့ နေရာမှာ ငွေတောင်းခံတာအပြင် စစ်မှုထမ်းအကြောင်းပြပြီး ငွေညှစ်တာတွေ ပုံမှန်လုပ်ဆောင်နေတာပါ။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး တစ်ရာနီးပါး ရှင်းလင်းခံထားရပြီး အုပ်ချုပ်ရေးမှူးရုံးအများစုကလည်း ဖွင့်လှစ်ထားနိုင်ခြင်း မရှိဘဲ ပိတ်ထားရတဲ့ အခြေအနေမှာ ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.