မြိတ်၊ မတ် ၅
တနင်္သာရီတိုင်း မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီရဲ့တပ်စခန်းကို ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ ထံက သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီရဲ့ တုံဗျောကြီးတပ်စခန်းကို မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ပြည့်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံးတစ်လုံးမှာ စခန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်တစ်လုံးမှာ လေထဲမှာ ပေါက်ကွဲသွားတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော်ဏကြီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထမင်းစားနေတဲ့အချိန် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်ပြီးနောက် တုံးဗျောကြီးစခန်းမှ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
နောက်နေ့မနက်ပိုင်းမှာတော့ မြိတ်ကြေးနန်တိုင်တပ်စခန်းနဲ့ တနင်္သာရီမြို့နယ် ဇဝဲ အခြေစိုက်တပ်စခန်းတွေမှ စစ်ကောင်စီတပ်သား တစ်ရာဝန်းကျင်ဟာ တုံးဗျောကြီးတပ်စခန်းမှာ လုံခြုံရေးအင်အားဖြည့်တင်းတာနဲ့ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ တုံးဗျောကြီးတပ်စခန်းကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ တုံးဗျောရွာဟောင်းနဲ့ သကန်တောင်ပုကျေးရွာဘက်ကို နယ်မြေရှင်းလင်းရေး ပုံစံ စစ်ကြောင်းထိုးမယ့် အခြေအနေမှာ ရှိနေပြီး လမ်းကင်းယူတာနဲ့ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း တနင်္သာရီမြိုနယ်မှ မြိတ်မြို့နယ်ကို ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ပကဖ