ဘေဂျင်း၊ မတ် ၅

သမ္မတ ဒေါ်နယ်ထရန့်က အခွန်တွေ တိုးကောက်ပြီး အနိုင်ကျင့်နေတာကို သည်းခံနေမှာ မဟုတ်ကြောင်း၊ ကန်ဒေါ်လာ ၂၁ ဘီလီယံ တန်ဖိုးရှိ အမေရိကန် စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ ထုတ်ကုန်တွေအပေါ် လက်စားချေ အခွန်တိုးကောက်သွားမယ်လို့ တရုတ်က ကြေညာလိုက်ပါတယ်။

တရုတ် ကုန်စည်တွေအပေါ် အခွန် နှစ်ဆ တိုးမြှင့်ကောက်ခံမှာ ဖြစ်ကြောင်း သမ္မတ ထရန့်က ကြေညာခဲ့ပြီး တရုတ်ကလည်း ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာရင် အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောထားတာကြောင့် ကမ္ဘာ့ထိပ်သီး စီးပွားရေး နှစ်နိုင်ငံကြား ကုန်သွယ်ရေး စစ်ပွဲ တစ်ပွဲ မကြာခင် ဖြစ်လာနိုင်ပါတယ်။

တရုတ်အပေါ် ဖိအားတွေ အများကြီး ပေးဖို့ ကြိုးပမ်းတာက အတွက်အချက် မှားတဲ့ မှားယွင်းမှုဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဘေဂျင်းမှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ကို ဝင်ရောက်လာတဲ့ တရုတ် ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်မယ်လို့ ထရန့်က အရင်က ပြောကြားခဲ့ပေမယ့် ၂၀ ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်တယ်လို့ ထပ်ပြီး ကြေညာခဲ့တာပါ။

တရုတ်က အမေရိကန်ဆီ မူးယစ်ဆေးဝါးတွေ ဝင်ရောက်နေမှုကို တားဆီးရေး လုံလောက်တဲ့ အရေးယူ ဆောင်ရွက်မှု မရှိတာကြောင့် အခွန်တိုးကောက်တာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

ဒါဟာ အနိုင်ကျင့် အကြပ်ကိုင်တဲ့ လုပ်ရပ်ဖြစ်ပြီး မိမိတို့မှာ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး မူးယစ်ဆေးဝါး နှိမ်နှင်းရေး ဥပဒေတွေ ရှိနေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား လက်စားချေတဲ့ သဘောနဲ့ အပြန်အလှန် အခွန်တိုးကောက်မှုတွေ ထပ်ရှိလာမှာ ဖြစ်ပေမယ့် အခွန်ကိစ္စနဲ့ ပတ်သက်လို့ တရုတ်က ညှိနှိုင်းဖို့ လမ်းဖွင့်ထားပုံရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ထရန့်ရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် အမေရိကန်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနိုင်ပြီး အိမ်ထောင်စုတွေရဲ့ ကုန်ကျစရိတ်တွေ လျော့ကျစေရမယ်ဆိုတဲ့ ထရန့်ရဲ့ မဲဆွယ် ကတိလည်း ပျက်ပြယ်နိုင်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.