မော်စကို ၊ မတ် ၆

မြန်မာစစ်ခေါင်းဆောင်နဲ့ ရုရှားအစိုးရတို့ နှစ်နိုင်ငံဆွေးနွေးမှုမှာ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေရရှိခဲ့တဲ့အတွက် စစ်အာဏာရှင်စနစ်တော်လှန်ရေး ပိုကြမ်းလာမယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

စစ်ကောင်စီ ဥက္ကဌနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ကိုယ့်ဘာသာခန့်အပ်ထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကို ရောက်ရှိနေတာပါ။

ရုရှားသမ္မတအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လုံခြုံရေးကောင်စီအတွင်းရေးမှူးနဲ့ လွှတ်တော်ဥက္ကဌနှစ်ဦးတို့က စစ်ခေါင်းဆောင်ကို နှစ်နိုင်ငံကြားကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် မတ် ၄ ရက်နေ့က သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးမှုတွေအတွင်း ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ နည်းပညာ၊ လျှပ်စစ်စွမ်းအား၊ စက်မှုနဲ့ စွမ်းအင်ကဏ္ဍတို့အပါအဝင် အကျိုးတူကဏ္ဍစုံ သဘောတူလက်မှတ် ၁၀ ခု ရေးထိုးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တယ်။

သမ္မတ ပူတင်ကတော့ ရုရှားနဲ့ မြန်မာနိုင်ငံတို့ လုံခြုံရေးနယ်ပယ်မှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာနိုင်ငံ ပြည်တွင်းရေး အခြေအနေ ကောင်းမွန်စေဖို့ကိုလည်း ထောက်ခံအားပေးနေတယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံမှုမှာလည်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

ကြည်းတပ်ကနေ ဗိုလ်ကြီးအဆင့် CDM ပြုလုပ်ခဲ့တဲ့ ကိုဇင်ယော်က ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံကြား စစ်အာဏာရှင်စနစ်တော်လှန်ရေးဟာ အင်အားကြီးသုံးနိုင်ငံကို ရင်ဆိုင်ရမယ့်အနေအထားလို့ သုံးသပ်ပါတယ်။

“အနေအထားက‌တော့ ရုရှားကိုသွားပြီး ပူတင်ကို ခြေသလုံးပြေးဖက်တဲ့ အနေအထားပဲ။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံကလည်း အမေရိကန် ရုရှားက နည်းနည်းပြန်ပြီးတော့ နီးစပ်လာတဲ့အနေအထားဆိုတော့ မင်းအောင်လှိုင်အနေနဲ့ ရုရှားနဲ့ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ကိစ္စတွေ ပြီးရင် ရွေးကောက်ပွဲကို လုံ ခြုံရေးလုပ်မယ့် ကိစ္စတွေ၊ ဓာတ်ပေါင်းဖိုအသေးစားလေးပါ သယ်လာမယ့် သဘောရှိတယ်။ အမေရိကန်လည်း ဒီအနေအထားမှာ ကန့်ကွယ်မယ့်သဘောမျိုး မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့ရဲ့ တော်လှန်စစ်က တကယ့်အင်အားကြီးနှစ်နိုင်ငံတင်မက တရုတ်ပါထည့်လိုက်မယ်ဆိုရင် သုံးနိုင်ငံကိုပါ ရင်ဆိုင်ပြီး တွန်းလှန်ရမယ့် အနေအထားဖြစ်သွားပြီ” လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုအတွင်း မြို့ပေါင်း ၉၅ မြို့နဲ့ တိုင်းစစ်ဌာနချုပ် ၂ ခုကို လက် လွှတ်ထားရပြီး နိုင်ငံတဝန်း ၂၄၀ မြို့နယ်မှာ တိုက်ပွဲတွေရှိနေတာကြောင့် အခုနှစ်အတွင်း ရွေး ကောက်ပွဲ ကျင်းပနိုင်ခြေ နည်းလွန်းတယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။

ဒီအခြေအနေမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး နိုင်ငံအတွင်း လုံခြုံရေးနဲ့တည်ငြိမ်ရေး ပိုမိုရရှိဖို့ လို အပ်တာကြောင့် စစ်တပ်အနေနဲ့ စစ်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ကြွေးကြော်ခဲ့ပါတယ်။

ရုရှားလွှတ်တော်ဥက္ကဌနှစ်ဦးက မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကျင်းပချိန်မှာ ရုရှားနိုင်ငံအနေနဲ့ထောက် ခံအားပေးသွားမယ့်အပြင် ဖက်ဒရယ်ကောင်စီလွှတ်တော်က လေ့လာရေးအဖွဲ့တွေ စေလွှတ်ပေးသွားမယ်လို့ စစ်ခေါင်းဆောင်ကို ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လွှတ်တော်ပြန်လည်ဖွဲ့စည်းပြီးချိန် လွှတ်တော်နှစ်ရပ်အကြား ဆက်ဆံရေးကို ပိုမိုတိုးမြှင့်သွားဖို့နဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ လက်ရှိတော်လှန်ရေးဟာ နိုင်ငံတကာရဲ့ ထောက်ခံမှုတွေ မထိရောက်တဲ့အတွက် ပြည်သူတွေအနေနဲ့ အခုထက်ပိုပြီး အားစိုက်ရမယ့် အနေအထားလို့ ထောက်ပြပါတယ်။

ရုရှားနဲ့ စစ်ကောင်စီတို့ သဘောတူညီချက်လက်မှတ်ရေးခဲ့ကြတဲ့အချက်တွေထဲက မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလည်း ပါဝင်ပါတယ်။

စွမ်းအင်ကဏ္ဍဟာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ဖို့ အဓိကလမ်းကြောင်းအဖြစ် သတ်မှတ်ခဲ့ပြီး အခြားနယ်ပယ်တွေမှာလည်း ပူးပေါင်းဖို့ အသင့်ရှိတယ်လို့ သမ္မတပူတင်က ပြောပါတယ်။

စစ်ခေါင်းဆောင်ကလည်း အကျိုးတူကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတွေ မကြာခင်ကာလအတွင်း အခုထက်ပိုမိုအောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း နှစ်နိုင်ငံပူးပေါင်းမှုအတွက် မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ ကမ္ဘာကြီးတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စရပ်မှန်သမျှကို မြန်မာနိုင်ငံက အပြည့်အဝရပ်တည်တယ်လို့ ဆိုပါတယ်။

ဒါဟာ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့အပေါ် အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောက်ခံအားပေးတဲ့သဘောလို့ သံလွင်တိုင်းမ်အနေနဲ့ နားလည်ရပါတယ်။

နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က နှစ်နိုင်ငံသဘောတူညီမှုတွေဟာ စစ်ကောင်စီရှင်သန်ရေးနဲ့ တိုင်းပြည်စိုးမိုးနိုင်ရေးအတွက် လုံခြုံရေးအာမခံချက်နဲ့ ရုရှားကို မြန်မာပြည်က ပိုင်နက်နယ် မြေအသုံးချခွင့်အတွက် အပေးအယူလုပ်တာလို့ သုံးသပ်ပါတယ်။

“တရုတ်လိုပါပဲ စစ်ကောင်စီ ဆက်ပြီးတော့ ရှင်သန်တည်ရှိရေး ဆက်လက်ပြီး တိုင်းပြည်ကို အုပ်စိုးနိုင်ရေးအတွက် လုံခြုံရေးလုံခြုံရေးတစ်ရပ် အာမခံချက်ပေးမယ်။ အဲဒီအပေါ်မှာ မြန်မာပြည်က သ ယံဇာတနဲ့ ပိုင်နက်နယ်မြေအသုံးချခွင့်တွေကို ပေးမယ်ဆိုတဲ့ အပေးအယူပါပဲ။ တရုတ်ထက် ပိုပြီးတော့ ထူးခြားတာက အခုပိုင်နက်နယ်မြေအဖြစ် အင်ဒိုပစိဖိတ်ဒေသမှာ အထူးသဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်းကတဆင့် ရရှိလာမယ့် သဘောပေါ့ဗျာ။ အဲဒါကလွဲလို့ရှိရင် တရုတ်လို စစ်ကောင် စီရဲ့ လုပ်ငန်းတွေကို အကာအကွယ်ပေးမှုနဲ့ ထောက်ခံကူညီမှုအတိုင်းပဲလို့ ကျွန်တော်တော့ မြင်ပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတည်ဆောက်ခြင်းအပါအဝင် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ စာချုပ် ၉ ခုကို စစ်ကောင်စီနဲ့ ရုရှားတို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က လက် မှတ်ရေးထိုးခဲ့တယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ပြောထားတာပါ။

ဒါကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ နိုင်ငံခြားကုမ္ပဏီတွေရော ပြည်တွင်း ကုမ္ပဏီတွေပါ လိုအပ်ရင် လက်နက်ကိုင်ဆောင်နိုင်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို စစ်ကောင်စီ ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ Justice for Myanmar ကတော့ ရုရှားနိုင်ငံဟာ မြန် မာစစ်အုပ်စုအတွက် အဓိကလက်နက်တင်သွင်းသူအဖြစ် မြန်မာလူထုအပေါ် စစ်အုပ်စုကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်စာမီးထိုးပေးနေတာလို့ ဝေဖန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.