ကော့ကရိတ်၊ မတ် ၆

ကရင်ပြည်နယ် ကော့ကရိတ်တောင်ပိုင်းမှာ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲနဲ့ သက်ဆိုင်မှုမရှိတဲ့ ကျေးရွာတွေကိုပါ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့အနီး ကော့နွဲ့ နဲ့ရွာသစ်ကုန်းကျေးရွာတွေဘက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းနဲ့ အခုလ မတ်လအစောပိုင်းရက်တွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ မဟာမိတ် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။

ကော့ကရိတ်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးတာတွေရှိနေသလို စစ်ကောင်စီတပ်ဘက်လည်း ၁၀ ဦးကျော်အထိ ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးပူး ပေါင်းအဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်တောင်ပိုင်း တိုက်ပွဲအတွင်း အထိနာသွားခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကော့နွဲ့နဲ့ ရွာသစ်ကုန်းကျေးရွာတွေက ဒေသခံပြည်သူတွေရဲ့ နေအိမ်အလုံး ရာနဲ့ချီ မီးရှို့ဖျက်ဆီးထားသ လို တိုက်ပွဲဖြစ်ပွားမှုနဲ့ သက်ဆိုင်မှုမရှိတဲ့ ကော့ကရိတ်တောင်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ ဘော့ဒိုင်း၊ ဆံဖလာ၊ အစွန်းကျေးရွာထဲကိုလည်း လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲခဲ့ပါတယ်။

ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအသုံးပြု တိုက်ခိုက်နေတယ်လို့ မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ Savage Wolves Column စစ်ကြောင်းမှူး ဗိုလ်ဆန်းဒေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ဘက်ဆိုင်ရာ ပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူနေထိုင်ရာ ကော့ကရိတ်မြို့ နယ်တောင်ပိုင်း အစွန်းကျေးရွာကို မတ် ၅ ရက်နေ့ မနက် ၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရာ နေအိမ် ၅ လုံး ထိမှန်ပျက်စီးပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Special Operation Group – SOG က သတင်းထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.