ဝါရှင်တန်၊ မတ် ၁

ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲအရေး အိမ်ဖြူတော်မှာ ကမ္ဘာ့မီဒီယာတွေ ရှေ့မှောက် ဆွေးနွေးချိန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ အချင်းများခဲ့ကြပြီး ကြိုတင် စီစဉ်ထားတဲ့ သတ္တုဆိုင်ရာ သဘောတူညီမှုလည်း အထမမြောက် ဖြစ်ခဲ့ရပါတယ်။

ရုရှားသမ္မတ ပူတင်ဘက်က မရပ်တည်ဖို့ ထရန့်ကို သမ္မတ ဇီလန်စကီးက ဘဲဥပုံရုံးခန်းမှာ စည်းရုံး ပြောဆိုခဲ့တာပါ။

ဒါပေမယ့် သမ္မတ ထရန့်နဲ့ ဒုသမ္မတ ဂျေဒီ ဗန့်စ်တို့က ယူကရိန်း ခေါင်းဆောင်ဟာ သူတို့အပေါ်မှာ လေးစားမှု မရှိဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

သမ္မတ ဇီလန်စကီးဟာ ထွက်သွားဖို့ ပြောဆိုခံခဲ့ရတယ်လို့ အမေရိကန် အရာရှိ တစ်ဦးက ပြောကြားထားပါတယ်။

ယူကရိန်းရှိ သဘာဝအရင်းအမြစ်တွေကို အမေရိကန်နဲ့ ပူးပေါင်း တူးဖော်ရေး သဘောတူညီမှု လက်မှတ် ရေးထိုးဖို့ ကြိုတင် စီစဉ်ထားခဲ့ပေမယ့် လက်မှတ် မထိုးဖြစ်ခဲ့ပါဘူး။

အဲဒီ သဘောတူညီမှု ရရှိရင် အမေရိကန်နဲ့ဆက်ဆံရေး တစ်ခါပြန် ပြေလည်လာနိုင်တယ်လို့ ဥရောပနိုင်ငံတွေက မျှော်လင့်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ထရန့် အိမ်ဖြူတော်သို့ ရောက်လာပြီးကတည်းက ပူတင်ကို သဘောကျကြောင်း ဖော်ပြနေတဲ့အတွက် ဥရောပရှိ အမေရိကန် မဟာမိတ်တွေ အထိတ်တလန့် ဖြစ်သွားခဲ့ပြီး ယူကရိန်းကိုလည်း အားလျော့သွားစေခဲ့ပါတယ်။

ရုရှားနဲ့သံတမန်ရေးအရ ဆွေးနွေးဖို့ ကြိုးပမ်းမှုတွေဟာလည်း လုံးဝ မအောင်မြင် ဖြစ်ခဲ့ရပြီး ပူတင်ကို ယုံကြည်လို့ မရဘူးလို့ သမ္မတ ဇီလန်စကီးက ပြောဆိုခဲ့တာပါ။

ထရန့်အနေနဲ့ လူသတ်ကောင် ပူတင်နဲ့ ညှိနှိုင်းမှုတွေ မလုပ်ဖို့ သမ္မတ ဇီလန်စကီးက ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုခဲ့ပါတယ်။

ထရန့်နဲ့ ဂျေဒီ ဗန့်စ်တို့က သူတို့အနေနဲ့ အမေရိကန်ကို ကာကွယ်နေတာလို့ ပြောကြားခဲ့ပြီး ဇီလန်စကီးအနေနဲ့ ငြိမ်းချမ်းရေးအတွက် အဆင်သင့် မဖြစ်သေးဘူးလို့ လူမှုမီဒီယာမှာ ဖော်ပြခဲ့ကြပါတယ်။

နောက်ပိုင်း ဖလော်ရီဒါ နေအိမ်မှာ အားလပ်ရက် သွားရောက် အနားယူဖို့ အိမ်ဖြူတော်က ထွက်လာချိန်မှာ သမ္မတ ထရန့်က ဇီလန်စကီးဟာ သူ စစ်ရှုံးနေတယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.