မော်လမြိုင် ၊ မတ် ၂
အာဏာသိမ်းမှုလေးနှစ်ကျော်အတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုကြောင့် ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅၀ နီးပါး လစဉ် ဖမ်းဆီးခံနေရတယ်လို့ Data for Myanmar က ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီအထိ လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို အားပေးထောက်ခံတဲ့ ရေးသားမှုတွေ ပြောဆိုဆက်သွယ်မှုတွေကြောင့် အွန်လိုင်းအသုံးပြုသူ ၁၈၈၄ ဦး ဖမ်းဆီးခံခဲ့ရတာပါ။
အဲဒီထဲက အနုပညာရှင်တွေ သရုပ်ဆောင်တွေနဲ့ သတင်းထောက်တွေလည်း ပါဝင်ခဲ့ပြီး အများစုဟာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက အွန်လိုင်းအသုံးပြုသူ ၉၁၅ ဦး ရှိတယ်လို့ အစီရင်ခံစာက ဖော် ပြပါတယ်။
Facebook ပေါ် ပြောဆိုရေးသားမှုတွေကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး အခြားအွန်လိုင်းပလက် ဖောင်းတွေဖြစ်တဲ့ Tik Tok၊ Telegram နဲ့ Viber တွေပေါ်မှာလည်း ရေးသားမျှဝေတာတွေကြောင့် အဖမ်းခံရတာလည်း ရှိပါတယ်။
၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ဖမ်းဆီးခံရတဲ့ အွန်လိုင်းအသုံးပြုသူဦးရေက ပျမ်းမျှ ၇၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထဲမှာတော့ ဖမ်းဆီးမှုတွေ ထက်ဝက်လျော့ကျလာတယ်လို့ Data for Myanmar က ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မြို့နယ် ၁၁၉ ခုက အွန်လိုင်းအသုံးပြုသူ ၃၇၅ ဦး ဖမ်းဆီးခံခဲ့ရပြီး အခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာတော့ ၁၄ မြို့နယ်က အွန်လိုင်းအသုံးပြုသူ ၂၀ ဦး ဖမ်းဆီးခံထားရလို့ အရေးယူမှုတွေ ဆက်ရှိနေဆဲပါ။
အာဏာသိမ်းပြီးနောက်ပိုင်း လူထုလှုပ်ရှားမှုအတွက် အရေးပါတဲ့ လူမှုကွန်ယက်နဲ့ အွန်လိုင်းပ လက်ဖောင်းတွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီက အမျိုးမျိုးကြိုးပမ်းခဲ့တယ်လို့ အစီရင်ခံစာက ဖော် ပြပါတယ်။
အဲဒီထဲမှာ အင်တာနက်ဖြတ်တောက်တာ၊ဝက်ဆိုဒ်စာမျက်နှာတွေကို ပိတ်ပင်တာအပြင် Facebook လို လူသုံးများတဲ့ လူမှုကွန်ယက်ပလက်ဖောင်းတွေကို သုံးလို့မရအောင် ပိတ်ပင်တာလည်း ပါဝင်ပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီနှောင်းပိုင်းမှာ လူမှုကွန်ယက်ကနေ လှုံ့ဆော်တာ ဝါဒဖြန့်တာ ခြိမ်းခြောက်တာတွေ ပြုလုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ – က နဲ့ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ရေးပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ စစ်ကောင်စီ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဘက်ကနေ အွန်လိုင်းပေါ်က ပြောဆိုရေးသားမှုတွေကို စောင့်ကြည့်ပြီး အရေးယူတာတွေရှိသလို မြေပြင်က လုံခြုံရေး စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေကိုစစ်ဆေးကာ ဖမ်းဆီးအရေး ယူတာလည်း ရှိပါတယ်။
ဒါ့အပြင် စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကလည်း အွန်လိုင်းပေါ် က ပြောဆိုရေး သားမှုတွေကို စောင့်ကြည့်ပြီး ဖမ်းဆီးအရေးယူနိုင်အောင် ကိုယ်ရေးအချက်အလက်ပေးပို့တာတွေ ဖိအားပေးတိုက်တွန်းတာတွေ လုပ်နေတာပါ။
စစ်ရေးပဋိပက္ခကျယ်ပြန့်လာနေတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာစုရုံးခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နယ်ပယ် တဖြေးဖြေး ကျဉ်းမြောင်းလာတယ်လို့ Data for Myanmar က ပြီးခဲ့တဲ့ ဇန်န ဝါရီမှာ ထုတ်ပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ